ယခုအစိုးရလက်ထက် သုံးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၃၉ ခုအထိရှိခဲ့ပြီး ယခင်အစိုးရ သက်တမ်းတစ်လျှောက်ထက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု များပြား

ယခုအစိုးရလက်ထက် သုံးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၃၉ ခုအထိရှိခဲ့ပြီး ယခင်အစိုးရ သက်တမ်းတစ်လျှောက်ထက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု များပြား
Published 7 October 2019
ကောင်းခန့်လင်း(မုံရွာ)

ယခုအစိုးရလက်ထက် သုံးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၃၉ ခုအထိရှိခဲ့ပြီး ယခင်အစိုးရသက်တမ်း တစ်လျှောက်ထက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု များပြားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

ယခင်ကာလက သဘာဝသယံဇာတကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှု များပြားခဲ့ပြီး ယင်းခေတ်က ကုမ္ပဏီ အနည်းစုသာ ရင်းနှီးမြှုပ်နှံမှုကို တွေ့ရှိခဲ့ရကြောင်း၊ ယခင်အစိုးရသက်တမ်း တစ်လျှောက်တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂၂ ခုအထိရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုအစိုးရလက်ထက် ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ခုနှစ်အထိ သုံးနှစ်ကျော် ကာလအတွင်း စက်မှုလုပ်ငန်း၂၂ ခုအတွက် ကျပ် ၆၃၄၂၂ ဒသမ ၈၄၄ သန်း၊ ဝန်ဆောင်မှုလုပ်ငန်း ၁၀ ခုအတွက် ကျပ် ၁၄၆၇၇ ဒသမ ၄၆၃ သန်း၊ ဟိုတယ်လုပ်ငန်း လေးခုအတွက်  ကျပ်သန်း ၃၁၁၀ စိုက်ပျိုးရေးလုပ်ငန်း တစ်ခုအတွက် ကျပ် ၃၄၁ ဒသမ ၀၁၀ သန်း၊ မွေးမြူရေးလုပ်ငန်း တစ်ခုအတွက် ကျပ် ၅၄၈၉ ဒသမ ၃၇၀ သန်း၊ စွမ်းအင်လုပ်ငန်း တစ်ခုအတွက် ကျပ် ၆၅၄ ဒသမ ၈၄၈ သန်းဖြစ်ပြီး အဆိုပါလုပ်ငန်း ၃၉ ခုတွင် ဝန်ဆောင်မှုလုပ်ငန်းနှစ်ခုမှ ရင်းနှီးမြှုပ်နှံမှု တိုးလာမှုမှာ ကျပ် ၁၁၃၃ ဒသမ ၉၃ သန်းအထိ ရှိခဲ့သဖြင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၃၉ ခုအတွက် ကျပ် ၈၈၈၂၉ ဒသမ ၄၆၅ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခင်အစိုးရသက်တမ်း တစ်လျှောက်က တိုင်းဒေသကြီးအတွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် လုပ်ငန်းများသည် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်သည့်လုပ်ငန်း၊ BOT စနစ်ဖြင့် လမ်းတံတား အသုံးပြုခ ကောက်ခံခြင်းလုပ်ငန်း၊ သဘာဝသစ်အခြေခံ၊ ဖိနပ်၊ ဆေးဝါးတို့ဖြစ်ကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင် တိုင်းဒေသကြီးအတွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် လုပ်ငန်းများသည် ကွန်ကရစ်တိုင်၊ ၀ါးပရိဘောဂ၊ သီးနှံထုပ်ပိုးစက္ကူ၊ ဆန်စက်၊ ဆိုင်ကယ်အပိုပစ္စည်း၊ ပျားရည်ထုတ်၊ တိုင်းရင်းဆေး၊ ဝက်နွားမွေးမြူခြင်း၊ အသေးစားသတ္တု သန့်စင်ရောင်းချခြင်း စသည့်လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

“ရင်းနှီးမြှုပ်နှံမှုစတင်ခဲ့တဲ့ ၁၉၉၄-၁၉၉၅ ကနေ အစိုးရအသစ် မတိုင်ခင်မှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပေါင်းက ၂၂ ခုအထိရှိတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ ၁၂၃ ဘီလျံလောက်ရှိတယ်။ အဲဒီတုန်းက လုပ်ငန်းတွေကတော့ ကျောက်မီးသွေး တူးဖော်တာတွေ BOT စနစ်နဲ့ လမ်းတံတား အသုံးပြုခ ကောက်ခံခြင်း လုပ်ငန်းတွေ များပြားခဲ့တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အခု အစိုးရသစ်လက်ထက် သုံးနှစ်မြောက်ကာလ အတွင်းမှာ ဆိုရင်တော့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပေါင်းက ၃၉ ခုအထိရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ ၈၈ လျံလောက်အထိ ရင်းနှီးမြှုပ်နှံကြပါတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုစခဲ့တဲ့ အချိန်ကစပြီးတော့ အခုအချိန်အထိ တိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၁ ခုရှိပြီးတော့မှ မြန်မာကျပ်ငွေ ၂၁၂ ဘီလျံလောက် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသန်းဇော်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင်အစိုးရလက်ထက် ၁၉၉၄-၁၉၉၅ မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း၂၂ ခုအထိရှိခဲ့ကြောင်း၊ ယင်းအစိုးရ လက်ထက်တွင် သတ္တုတူးဖော်ရေးလုပ်ငန်း နှစ်ခုအတွက် ကျပ်သန်း ၅၀၀၊ ဆောက်လုပ်ရေးလုပ်ငန်း ငါးခုအတွက် ကျပ် ၈၆၉၄၇ ဒသမ ၁၃  သန်း၊ စက်မှုလုပ်ငန်း ၁၅ ခုအတွက် ကျပ် ၃၂၁၄၈ ဒသမ ၉၈ သန်း၊ ရင်းနှီးမြှုပ်နှံမှု တိုးဂိတ် BOT စနစ်လုပ်ငန်း နှစ်ခုအတွက် ကျပ် ၃၉၀၄ ဒသမ ၁၃ သန်း အထိရှိခဲ့ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၂ ခုအတွက် ကျပ်သန်း ၁၂၃၅၀၀ ဒသမ ၂၄ အထိရှိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent