၂၀၁၉ ခုနှစ် ဇူလိုင်အထိ ခုနစ်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၀၅၈၃ စီး ရောင်းချနို်င်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ၂၆ ရာခိုင်နှုန်းကျော် မြင့်တက်

၂၀၁၉ ခုနှစ် ဇူလိုင်အထိ ခုနစ်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၀၅၈၃ စီး ရောင်းချနို်င်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ၂၆ ရာခိုင်နှုန်းကျော် မြင့်တက်
ရန်ကုန်မြို့ရှိ Mazda Brand New ကားသစ်အရောင်းပြခန်းကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ Mazda Brand New ကားသစ်အရောင်းပြခန်းကို တွေ့ရစဉ်
Published 5 October 2019
စည်သူအောင်

၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၁၀၅၈၃ စီးရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကာ အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ASEAN Automotive Frederation မှ ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

အာဆီယံစျေးကွက် တစ်ခုလုံးအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ကားသစ်ရောင်းချမှုပမာဏ ၁၉၈၄၄၂၈ စီးရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကားသစ်ရောင်းချမှုပမာဏ ၁ ဒသမ ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ၂၆ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ်ကာလတူထက်  အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်းအားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရပြီး ၂၀၁၈ ခုနှစ် အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။ မြန်မာစျေးကွက်၌၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၇၄၀ စီး၊ ဖေဖော်ဝါရီတွင် ၁၃၉၆ စီး၊ မတ်တွင် ၁၄၈၃ စီး၊ ဧပြီတွင် ၉၅၅ စီး၊ မေတွင် ၁၆၀၇ စီး၊ ဇွန်တွင် ၁၆၇၈ စီး၊ ဇူလိုင်တွင် ၁၇၂၄ စီးရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၂၁၈ စီး ပိုမိုရောင်းနိုင်ခဲ့ကာ တိုးတက်မှုနှုန်း ၂၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီးရောင်းချခဲ့ရပြီး မြန်မာအစိုးရ၏ကား တင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့်  ၂၀၁၇ ခုနှစ်အတွင်း ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ၊ ၂၀၁၈ ခုနှစ်တွင် ကားသစ်စီးရေ ၁၇၀၀၀ ကျော်အထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန် မာစျေးကွက်သည် ထွန်းသစ်စ စျေးကွက်တစ်ခု ဖြစ်လာပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှုပမာဏ တိုးတက်မှု ဆက်တိုက်ဖြစ်ပေါ်နေပြီး ၂၀၁၉ ခုနှစ် ခုနစ်လအတွင်း အစီးရေ ၈၇၀၀ ကျော်ထုတ်လုပ်နိုင်ခဲ့သည်။ အာဆီယံ နိုင်ငံများတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသတစ်ခုလုံး အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှု ရှိသော်လည်း မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ နီးပါးတိုးတက်ခဲ့သည်။

အာဆီယံစျေးကွက် တစ်ခုလုံးအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ကားသစ်တပ်ဆင် ထုတ်လုပ်မှု ပမာဏ ၂၄၄၇၈၈၈ စီးရှိပြီး ယခင်နှစ် ကာလတူထက် ၂ ဒသမ ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ၅၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း ASEAN Automotive Federation မှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ၄၉၃၀ စီးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီးပိုမိုခဲ့ကာ တိုးတက်မှု ပမာဏ ၃၂၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ကားစီးရေ ၁၂၂၉၂ စီးတပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၃၆၂ စီးပိုမိုခဲ့ကာ တိုးတက် မှုနှုန်း ၁၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း လအလိုက် ထုတ်လုပ်ခဲ့သည့် ကားသစ်စီးရေ ပမာဏများမှာ ဇန်နဝါရီတွင် ၁၄၀၁ စီး၊ ဖေဖော်ဝါရီတွင် ၁၂၉၈ စီး၊ မတ်တွင် ၁၀၄၃ စီး၊ ဧပြီတွင် ၈၈၅ စီး၊ မေတွင် ၁၅၀၁ စီး၊ ဇွန်တွင် ၁၄၉၂ စီး၊ ဇူလိုင်တွင် ၁၁၃၅ စီးဖြစ်သည်။

 

 

Most Read

Most Recent