လူထုသဘောထားကို ခြယ်လှယ်ရန် အစိုးရအဖွဲ့များက လူမှုမီဒီယာများကို ပိုမိုအသုံးပြုလာ

လူထုသဘောထားကို ခြယ်လှယ်ရန် အစိုးရအဖွဲ့များက လူမှုမီဒီယာများကို ပိုမိုအသုံးပြုလာ
Published 3 October 2019
Ref: CNA

ကမ္ဘာတစ်လွှားမှ အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများသည် လူထုသဘောထားကို ခြယ်လှယ်ရန်အတွက် လူမှုမီဒီယာများကို ပိုမိုအသုံးပြုလာကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသနပြုသူများ၏ မကြာသေးမီက အစီရင်ခံစာတစ်စောင်အရ သိရသည်။

နိုင်ငံနှင့် ဒေသပေါင်း ၇၀ ၌ လူမှုမီဒီယာ ခြယ်လှယ်ရေးလှုပ်ရှားမှုများအားစု စည်းလုပ်ဆောင်ခဲ့သည့် သက်သေအထောက်အထားများရှိသည်ဟု အဆိုပါအစီရင်ခံစာက ဆိုသည်။ ယင်းနိုင်ငံအရေအတွက်သည် ၂၀၁၇ ခုနှစ်တွင် ၂၈ နှင့် ၂၀၁၈ ခုနှစ်တွင် ၄၈ ရှိခဲ့ရာမှ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။

“လူမှုမီဒီယာတွေကနေတစ်ဆင့် လူထုသဘောထားကို ပုံသွင်းဖို့ တွက်ချက်ထားတဲ့ ၀ါဒဖြန့်ချိရေးတွေ အသုံးပြုမှုဟာ ဆိုးရွားတဲ့အပြုအမူအနည်းငယ်မျှအပေါ် အရေးယူမှုတွေကို အများကြီးကျော်လွန်ပြီး ပင်မရေစီးဖြစ်လာခဲ့ပါပြီ” ဟု အဆိုပါအစီရင်ခံစာကို ရေးသားသူများက ဆိုသည်။

ယခုလေ့လာချက်သည် “ဆိုက်ဘာတပ်ဖွဲ့များ” ဟု ခေါ်ဆိုမှုအပေါ် အဓိကထားခြင်းဖြစ်ပြီး “ဆိုက်ဘာတပ်ဖွဲ့များ” ဆိုသည်မှာ အစိုးရအဖွဲ့က သို့မဟုတ် နိုင်ငံရေး၌ ပါဝင်သူများက အွန်လိုင်းလူထုသဘောထားကို ခြယ်လှယ်ရန် တာဝန်ယူထားမှုကို ဆိုလိုသည်။

အထူးသဖြင့် အစိုးရကို ဖော်လံဖားသည့် ၀ါဒဖြန့်ချိမှုများ၊ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ဖိနှိပ်မှုများ၊ အပုပ်ချတိုက်ခိုက်မှုများနှင့်  အတိုက်အခံများ၏ သဘောထားများကို ချိုးနှိမ်မှုများ အစရှိသည်တို့ကို ပျံ့နှံ့စေရန် အလိုအလျောက်စက်များနှင့် လူသားတို့က ထိန်းချုပ်ဆောင်ရွက်မှုများ အပါအဝင် အကောင့်တုများကို အသုံးပြုကြောင်း သက်သေအထောက်အထားများက ပြနေသည်ဟု ဆိုသည်။

ယင်းကဲ့သို့ ခြယ်လှယ်မှုများရှိနေသည့် နိုင်ငံနှင့် ဒေသပေါင်း ၇၀ ရှိရာ အရှေ့တောင်အာရှမှ နိုင်ငံပေါင်း ခုနစ်နိုင်ငံအထိ ပါဝင်သည်။ ယင်းခုနစ်နိုင်ငံမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ကြသည်။

အရှေ့တောင်အာရှမှ မဟုတ်သည့် အခြားနိုင်ငံများတွင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ အီတလီ၊ မက္ကဆီကို၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်သည်။

ရွေးကောက်ပွဲများအတွင်း တွက်ချက်ထားသည့် ၀ါဒဖြန့်ချိရေးများကို အသုံးပြုသည့် နိုင်ငံရေးပါတီ သို့မဟုတ် နိုင်ငံရေးသမားများရှိသည့် နိုင်ငံများအဖြစ် နိုင်ငံနှင့် ဒေသပေါင်း ၇၀ အနက် ၄၅ နိုင်ငံကို တွေ့ရှိရသည်ဟု ဆိုသည်။

ယခုလေ့လာချက်က စုစည်းထားသည့် အကောင့်တုများကို အသုံးပြုသည့် အမေရိကန် အထက်လွှတ်တော်အမတ် မစ်ရွန်နေနှင့် သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း တိုနီအဘော့တို့ကဲ့သို့သော နိုင်ငံရေးသမားများကိုလည်းကောင်း၊ ချဲ့ကားထားသော အချက်အလက်အမှားများကို ဖြန့်ချိရန် လူမှုကွန်ရက်များကို အသုံးပြုသည့် နိုင်ငံရေးပါတီများအဖြစ် အိန္ဒိယနှင့် ဘရာဇီးတို့၌ ဖြစ်ပေါ်ခဲ့သော WhatsAPP လှုပ်ရှားမှုများကိုလည်းကောင်း ဥပမာပေးခဲ့သည်။

တွက်ချက်ထားသည့် ၀ါဒဖြန့်ချိရေးများကို ဖြန့်ချိရန် တရုတ်သည် အဓိကအားဖြင့် Weibo နှင့် WeChat တို့ကဲ့သို့သော ပြည်တွင်းပလက်ဖောင်းများကိုသာ အသုံးပြုခဲ့သော်လည်း ကမ္ဘာ့ပရိသတ်ဘက်သို့ပါ လှည့်လာပြီဖြစ်ကြောင်းလည်း လေ့လာချက်က တွေ့ရှိခဲ့သည်။                        

Most Read

Most Recent