အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်တွင်တည်ရှိသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၂) တံတား စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနှင့် အသုံးပြုမှုအတွက် မြန်မာ-ထိုင်း သဘောတူညီချက်လက်မှတ်ရေးထိုး

အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်တွင်တည်ရှိသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၂) တံတား စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနှင့် အသုံးပြုမှုအတွက် မြန်မာ-ထိုင်း သဘောတူညီချက်လက်မှတ်ရေးထိုး
 အမှတ် (၂) ချစ်ကြည်ရေးတံတားဖွင့်ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာတို့ တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
အမှတ် (၂) ချစ်ကြည်ရေးတံတားဖွင့်ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာတို့ တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
Published 3 October 2019

အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်တွင်တည်ရှိသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ် (၂) တံတားစီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနှင့် အသုံးပြုမှုအတွက် မြန်မာ - ထိုင်း သဘောတူညီချက်အတွက် အောက်တိုဘာ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အကြား ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက် သွယ်ရေးသာမက ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့နှင့် မြန်မာနိုင်ငံ မော်လမြိုင်မြို့တို့ ဆက်သွယ်သော အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်တွင်တည်ရှိ၍ ဒေသတွင်းနိုင်ငံများ၏ ကုန်သွယ်စီးပွားရေးများကို များစွာအကျိုးရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Saksayam Chidchob တို့က မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးအမှတ် (၂) တံတားစီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုနှင့် အသုံးပြုမှုတို့အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြကြောင်း သိရသည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား တည်ဆောက်ပြီးစီးမှုဖွင့်ပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွန်ချန်အိုချာတို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

မဟာမဲခေါင်ဒေသခွဲ၊ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းပိုင်းကို ချိတ်ဆက်ပေးမည့် မြန်မာ-ထိုင်း (မြဝတီ-မဲဆောက်) အမှတ် (၂) ချစ်ကြည်ရေးတံတားကို မတ် ၁၉ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“ဒီတံတားကြီး ပြီးစီးခဲ့တာကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံ အလေးထားမှုကို တွေ့မြင်ရပြီဖြစ်ပါတယ်။ နှစ်ဖက်အစိုးရနဲ့ ပြည်သူများပူးပေါင်းမှုစွမ်းအားကြောင့် အခုလိုတံတားကြီးဖြစ်ပေါ်လာခဲ့တာဖြစ်သလို နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းနိုင်ငံကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ် သြဂုတ် ၁၄ ရက်ကတည်းက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာနဲ့ ကာလကြာရှည်စွာရင်းနှီးမှုနဲ့ အိမ်နီးချင်းကောင်းပီသမှု၊ အပြန်အလှန်နားလည်မှုတို့ကို တန်ဖိုးထား ထိန်းသိမ်းခဲ့ကြတဲ့ ထိုင်းနဲ့ မြန်မာတို့ရဲ့ အောင်မြင်မှုလို့လည်း ဆိုလို့ရပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသည်။

အမှတ် (၂) မြန်မာ-ထိုင်း ကုန်သွယ်မှု တံတားသည် မြန်မာနိုင်ငံ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ရေပူရပ်နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ထားဆောင်ရမ်း၊ အမှတ် (၇) ရပ်ကွက်တို့ ဆက်သွယ်ဖောက်လုပ်ထားကြောင်း သိရသည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားစီမံကိန်း ဖြစ်မြောက်ရန်အတွက် နှစ်နိုင်ငံတာဝန်ရှိသူများက ၂၀၁၃ ခုနှစ်တွင် စတင်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် သြ ဂုတ် ၃၀ ရက်တွင် ပန္နက်ချကာ ထိုင်းနိုင်ငံ အဝေးပြေးလမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တံတားကြီးသည် ၂၁ မီတာရှည်လျားပြီး လေးလမ်းသွားဖြစ်ကာ လမ်းနှင့် တံတားအတွက် ဘတ် ၄၂၅၃ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent