၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံကျော်သာ ဝင်ရောက်ပြီး လျာထားချက်ပြည့်မီမှုမရှိ

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံကျော်သာ ဝင်ရောက်ပြီး လျာထားချက်ပြည့်မီမှုမရှိ
  သီလဝါအထူးစီးပွားရေးဇုန်ကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
သီလဝါအထူးစီးပွားရေးဇုန်ကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 3 October 2019
          နီလာ

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၉၀ ဘီလျံကျော် ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

“၂၀၁၈ -၂၀၁၉ အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကာလတူထက် တော်တော်များများပိုပေမဲ့ လျာထားချက်ကိုတော့ မှီခဲ့ခြင်း မရှိပါဘူး” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့သည့်ကဏ္ဍဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရှိခဲ့ပြီး စက်မှုကဏ္ဍတွင် ဒုတိယအများဆုံးဖြစ်ပြီး ဝန်ဆောင်မှုကဏ္ဍသည် တတိယအများဆုံးကဏ္ဍဖြစ်သည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၈၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၂၇၆၄ ဒသမ ၁၂၈ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၁၅၈ ဒသမ ၄၇၄ သန်းဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၂ ဒသမ ၂၈၀ သန်း ဖြစ်သည်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၄၅၂၀ ဒသမ ၇၅၄ သန်း ဖြစ်သည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၁ ခု၊ ဒေါ်လာ ၃၇၉ ဒသမ ၆၅၈ သန်းအပါအဝင် ကျပ် ၁၄၃၂၃၇၁ ဒသမ ၀၃၁ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၇၃ ဒသမ ၂၉၅ သန်းအပါအဝင် ကျပ် ၁၆၉၄၅၆၈ ဒသမ ၀၈၀ သန်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်းလေးခု၊ အတည်ပြုလုပ်ငန်းတစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၉ ဒသမ ၅၈၄ သန်းကို ခွင့်ပြု/အတည်ပြုပေးခဲ့သည်။

အဆိုပါအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဆိုပြုလုပ်ငန်းတစ်ခု၊ အတည်ပြုလုပ်ငန်း ငါးခုခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများအနက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်းတစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ စုစုပေါင်းခြောက်ခု ခွင့်ပြုပေးခဲ့သည်။

 ၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံဝင်ရောက်ရန် လျာထားခဲ့သည်။                                                                                                      

Most Read

Most Recent