သီလဝါအထူးစီးပွားရေးဇုန် B ၌ တိုယိုတာကစက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားကြောင်း Myanmar- Japan Thilawa Development ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။
“Myanmar – Japan Thilawa Development ကုမ္ပဏီအနေနဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ Development အနေနဲ့သာမဟုတ်ဘဲ SEZ တစ်ခုလုံးကို အော်ပရေးရှင်းလုပ်ကိုင်ပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း လုပ်ကိုင်နေပါတယ်။ MJTD အနေနဲ့ သီလဝါ SEZ မှာ အကောင်အထည်ဖော်သွားမယ့် မြေဧက ၂၄၀၀ ဟက်တာရှိပါတယ်။ ဇုန် A မှာ ၄၀၅ ဟက်တာရှိပြီး ပထမဆုံး အကောင်အထည်ဖော်ခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။ အခုဆိုရင် ဇုန် A ပြီး သွားတော့ ဇုန် B ကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။ ဇုန် B ကို အကောင်အထည်ဖော်တဲ့နေရာမှာ Phase by Phase အပိုင်းလိုက် ခွဲခြားပြီး အကောင်အထည်ဖော်နေပါတယ်။ ဒီဇုန် B မှာ ဂျပန်နိုင်ငံက တိုယိုတာကုမ္ပဏီကလည်း ဒီဇုန် B မှာ အကောင်အထည်ဖော်ဖို့ မြေ ၂၁ ဟက်တာကို ရယူထားပြီးဖြစ်ပါတယ်” ဟု Myanmar – Japan Thilawa Development ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက ပြောကြားသည်။
တိုယိုတာက ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တိုယိုတာမော်တော်ကော်ပိုရေးရှင်းမှ ပြီးခဲ့သည့် မေလက သတင်းထုတ်ပြန်ထားသည်။
တိုယိုတာမော်တော်ကော်ပိုရေးရှင်း (တိုယိုတာ)အနေဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာကုမ္ပဏီလီမိတက် Toyota Myanmar Co. Ltd, ကို ဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်း၌ Toyota Hilux အမျိုးအစား မော်တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုယိုတာမြန်မာ TMY စက်ရုံအား ရန်ကုန်မြို့တောင်ဘက်ရှိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်သွားမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ လုပ်သားအင်အား ၁၃၀ ခန့်အပ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ကုန်ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်သည့်အချိန်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD (Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
တိုယိုတာမြန်မာ TMY တွင် အစုရှယ်ယာ ပါဝင်မှုအနေဖြင့် Toyota Motor Corporation မှ ၈၅ ရာခိုင်နှုန်း၊ Toyota Tsusho Corporation မှ ၁၅ ရာခိုင်နှုန်း ပါဝင်ထားသည်။
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ ပြည်တွင်းစျေးကွက်အတွင်း မော်တော်ယာဉ်အသစ် ဝယ်လိုအားမှာ မကြာသေးမီနှစ်များအတွင်း တစ်ဟုန်ထိုး တိုးတက်မြင့်မားလျက်ရှိသည်။ (၂၀၁၈ ခုနှစ် စျေးကွက်အချက်အလက်များအရ အစီးရေ ၁၈၀၀၀ ခန့်ရှိပြီး ယင်းမှာ လွန်ခဲ့သောနှစ် ကာလကထက် ၂ ဒသမ ၁ ဆ ကျော်ရှိသည်)။ တိုယိုတာအနေဖြင့် ယခုလက်ရှိ Toyota Hilux, Vios, Rush နှင့် အခြားအမျိုးအစားယာဉ်များ တင်သွင်းရောင်းချလျက်ရှိကာ ၂၀၁၉ ခုနှစ် ဇွန်လ၊ တိုယိုတာမြန်မာ TMY ကို တည်ထောင်ပြီး ပြည်တွင်းဝယ်ယူအားပေးကြသည့် စားသုံးသူများ တိုယိုတာမော်တော်ယာဉ်များအား ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ခွင့်ရစေရန်အတွက် လုပ်ငန်းမျာ တိုးချဲ့ဆောင်ရွက်သွားမည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။










