မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လက်ကားရောင်းဝယ်ရေး ကုမ္ပဏီဖြစ်သည့် METRO Wholesale Myanmar အရောင်းပြခန်းကို မန္တလေးမြို့တွင်ပါ ထပ်မံဖွင့်လှစ်ရန်စီစဉ်

မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လက်ကားရောင်းဝယ်ရေး ကုမ္ပဏီဖြစ်သည့် METRO Wholesale Myanmar အရောင်းပြခန်းကို မန္တလေးမြို့တွင်ပါ ထပ်မံဖွင့်လှစ်ရန်စီစဉ်
 စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် METRO Wholesale Myanmar အရောင်းပြခန်းအား တွေ့ရစဉ်
စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် METRO Wholesale Myanmar အရောင်းပြခန်းအား တွေ့ရစဉ်
Published 2 October 2019
ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လက်ကားရောင်းဝယ်ရေးကုမ္ပဏီဖြစ်သည့် METRO Wholesale Myanmar အရောင်းပြခန်းအား မန္တလေးမြို့တွင်ပါ ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း METRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel ၏ ပြောကြားချက်အရ သိရသည်။

METRO Wholesale Myanmar ရဲ့ ရန်ကုန်မြို့ရှိ အရောင်းပြခန်းအသစ်အား စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

“METRO အနေနဲ့ မြန်မာနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ရေရှည်ဖွံ့ဖြိိုးတိုးတက်အောင် မြှင့်တင်ပေးရာမှာ ပံ့ပိုး ကူညီပေးနိုင်တဲ့ ပြည်တွင်းစျေးကွက်ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်လာစေဖို့ ရည်မှန်းချက်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ အစားအသောက် တည်ခင်းဧည့်ခံပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ HoReCa အပါအဝင် ကုန်သွယ်ရေးလုပ်ငန်းနယ်ပယ်က ဝယ်ယူအားပေးသူတွေဆီကနေ ကောင်းမွန်တဲ့မှတ်ချက်တွေ လက်ခံရရှိခဲ့လို့ ဂုဏ်ယူရသလို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့ကြီးတွေက ပိုပြီးများပြားလာတဲ့ စားသုံးသူတွေကို ဝန်ဆောင်မှုပေးရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ မကြာခင်မှာလည်း မန္တလေးမြို့မှာ နောက်ထပ်အရောင်းပြခန်းဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပါတယ်” ဟု METRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel ကဆိုသည်။

METRO Wholesale Myanmar သည် ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးပြီး အရည်အသွေးနှင့် စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ လက်ခံ၊ သိုလှောင်၊ ပြုပြင်ထုပ်ပိုးနိုင်ရန် သီလဝါအထူးစီးပွားရေးဇုန်တွင် METRO ၏ သိုလှောင်ရုံသစ်အား စတင်ဖွင့်လှစ်ခဲ့ပြီး လအနည်းငယ်အကြာတွင် ယခုကဲ့သို့ အရောင်းပြခန်းအသစ်အား စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

METRO အရောင်းပြခန်းအသစ်တွင်  ဟင်းသီးဟင်းရွက်များ၊ အသားငါးများ၊ ပင်လယ်စာများ၊ ဖျော်ရည်များ၊ ခေတ်မီအအေးခန်းတွင် သိုလှောင်ထားသည့် အစားအသောက်များ၊ စည်သွတ်ဘူးနှင့် ကုန်ခြောက်များ၊ ၀ိုင်နှင့် ချိစ်များ၊ METRO ကိုယ်ပိုင်အမှတ်တံဆိပ် ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးကုန်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများစသည်ဖြင့် ကုန်ပစ္စည်းပေါင်း သုံးထောင်ကျော်ကို ရောင်းချပေးသွားမည်ဖြစ်သည်။ METRO Wholesale Myanmar သည် မြန်မာနိုင်ငံတွင်  ပထမဦးဆုံး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လက်ကားကုမ္ပဏီအဖြစ် နိုင်ငံတကာအသိအမှတ်ပြု သိပ္ပံနည်းကျ အစားအသောက်နှင့် ဘေးဥပဒ်ကင်းရှင်းမှုစနစ် HACCP အသိအမှတ် ပြုလက်မှတ်အား ရရှိခဲ့ပြီးဖြစ်သည်။

METRO သည် အစားအသောက်နှင့် အခြားအရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အစားအသောက်တည်ခင်းဧည့်ခံပေးသော ဝန်ဆောင်မှုလုပ်ငန်းများအပြင် တစ်ဦးချင်း လက်လီရောင်းချလိုသူ စတိုးဆိုင်များအား ဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံတကာ လက်ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည်။

Most Read

Most Recent