ရန်ကုန်မြို့မှ သီလဝါအထူးစီးပွားရေးဇုန်သို့ လွယ်ကူစွာသွားလာနိုင်ရန် သန်လျင်တံတားအဆင်းမှ သီလဝါအထိ ဆက်သွယ်ဖောက်လုပ်နေသည့် လေးလမ်းသွား ကတ္တရာလမ်းမသစ် တည်ဆောက်မှု လာမည့်ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၃) အား ဆက်လက်တည်ဆောက်နေ

ရန်ကုန်မြို့မှ သီလဝါအထူးစီးပွားရေးဇုန်သို့ လွယ်ကူစွာသွားလာနိုင်ရန် သန်လျင်တံတားအဆင်းမှ သီလဝါအထိ ဆက်သွယ်ဖောက်လုပ်နေသည့် လေးလမ်းသွား ကတ္တရာလမ်းမသစ် တည်ဆောက်မှု လာမည့်ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၃) အား ဆက်လက်တည်ဆောက်နေ
လေးလမ်းသွားကတ္တရာလမ်းမသစ် တည်ဆောက်မှုအား စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
လေးလမ်းသွားကတ္တရာလမ်းမသစ် တည်ဆောက်မှုအား စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 1 October 2019
ရွှန်းလဲ့ဝင်း

ရန်ကုန်မြို့မှ သီလဝါအထူးစီးပွားရေးဇုန်သို့ လွယ်ကူစွာသွားလာနိုင်ရန် သန်လျင်တံတားအဆင်းမှ သီလဝါအထိ ဆက်သွယ်ဖောက်လုပ်နေသည့် လေးလမ်းသွားကတ္တရာလမ်းမသစ် တည်ဆောက်မှု လာမည့် ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ပြီး သန်လျင်တံတား အမှတ် (၃) အား ဆက်လက်တည်ဆောက်နေကြောင်း JIC Myanmar Office မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွားကတ္တရာလမ်းမသစ်နှင့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃) တည်ဆောက်မှုအား ဂျပန်နိုင်ငံအစိုးရ၏ အိုဒီအေချေးငွေဖြင့် တည်ဆောက်နေ ခြင်းဖြစ်သည်။

“သန်လျင်တံတားအဆင်းမှ သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွားကတ္တရာလမ်းမသစ်က လာမယ့်ဒီဇင်ဘာမှာ အချောသတ်ပြီးစီးနိုင်မှာဖြစ်ပါတယ်။ အခုဆက်လက်ပြီးတော့ သန်လျင်တံတား အမှတ် (၃) ကိုလည်း တည်ဆောက်နေပြီး စီမံကိန်းအားလုံးပြီးစီးတဲ့အခါ ရန်ကုန်ကနေ သီလဝါအထိ အချိန်တိုအတွင်း သွားလာနိုင်မှာဖြစ်ပါတယ်” ဟု JICA Myanmar Office မှ တာဝန်ရှိသူက ပြောကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) တည်ဆောက်ရေးစီမံကိန်း၏ ရန်ကုန်ဘက်ကမ်းရှိ ဂုံးကျော်တံတား ပန္နက်တင်ခြင်းအခမ်းအနားအား ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းအနီးရှိ ခုံးကျော်တံတားတည်ဆောက်မည့် မြေနေရာတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပခဲ့သည်။

ဂျပန်နိုင်ငံချေးငွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖြင့် တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃) စီမံကိန်းအား Package 1, 2 & 3 အဖြစ် အဆင့်အလိုက် တည်ဆောက်သွားမည်ဖြစ်သည်။

“ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးလာမှုနဲ့အတူ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ ခံနိုင်ဝန်ကန့်သတ်ချက်ရှိခဲ့လို့ ခေတ်မီတံတားအသစ်တစ်စင်း တည်ဆောက်ဖို့ လိုအပ်လာပါတယ်။ တိုးတက်များပြားလာတဲ့ ယာဉ်စီးရေကြောင့် လက်ရှိတံတားပေါ်ဖြတ်သန်းရာမှာ ယာဉ်ကြောပိတ်ဆို့မှုတွေရှိနေလို့ အဆင်မပြေမှုများစွာရှိနေခဲ့ပါတယ်။ ဒါကြောင့်မို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် -၃) ကို လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့်သုံးဆင့်ခွဲခြားပြီး ဂျပန်တည်ဆောက်ရေးကုမ္ပဏီများမှ တစ်ပြိုင်နက် တည်ဆောက်မှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ရန်ကုန်ဘက်ကမ်းရှိ ခုံးကျော်တံတား ပန္နက်တင်ခြင်းအခမ်းအနားတွင် ပြောကြားသည်။

သန်လျင်တံတား အမှတ်(၃)ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၁) ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည်ဖြစ်သည်။

သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်မည့် ယင်းတံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာရှည်လျားသည်။ သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ မီတာ ၃၀၀ ရှိကာ သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ Fly Over Bridge  ချဉ်းကပ်တံတားအပိုင်းတွင် သာကေတဘက်ခြမ်း၌ ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်းတွင် ၁၈၈ မီတာရှိပြီး လေးလမ်းသွားပင်မတံတားအကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Fly Over Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း)နှင့် တစ်လမ်းသွား One Ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့်လမ်း) ဖြစ်သည်။ တံတား၏ ကိုယ်ထည်ကို Steel Box Girder Steel Box Girder ဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ်စီးစီ၏ ခံနိုင်ဝန်မှာ ၇၅ တန်သတ်မှတ်ထားသည်။                           

 

 

Most Read

Most Recent