နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အခက်အခဲဖြစ်စဉ်အချိန်က နော်အုန်းလှ ဦးဆောင်ပြုလုပ်ခဲ့သော အင်္ဂါနေ့ဆုတောင်းပွဲများအား ထောက်ထား၍ အမှုမှ ရုပ်သိမ်းပေးရန် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင် တောင်းဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အခက်အခဲဖြစ်စဉ်အချိန်က နော်အုန်းလှ ဦးဆောင်ပြုလုပ်ခဲ့သော အင်္ဂါနေ့ဆုတောင်းပွဲများအား ထောက်ထား၍ အမှုမှ ရုပ်သိမ်းပေးရန် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင် တောင်းဆို
Published 27 September 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခက်အခဲဖြစ်စဉ်အချိန်က နော်အုန်းလှ ဦးဆောင်၍ အင်္ဂါဆုတောင်းပွဲဟူသော အမည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး အခက်အခဲများကြားမှ ထိုသို့ ပြုလုပ်ခဲ့သော ဆုတောင်းပွဲများအား ထောက်ထား၍ နော်အုန်းလှအား အမှုမှ ရုပ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။

 

ခွင့်ပြုချက််မရှိဘဲ ကရင်အမျိုးသား အာဇာနည်နေ့ ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသည့် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ် တရားရုံး၌ တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး အဆိုပါ ရုံးချိန်းသို့ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်နှင့်ကရင်လူငယ်များလည်း လာရောက်ဝန်းရံခဲ့ရာ ယင်းရုံးချိန်းတွင် ပဒိုမန်းငြိမ်းမောင်က မီဒီယာများနှင့်တွေဆုံစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

"ကျွန်တော်တို့က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ကတညုတ ကတဝေဒီ ဆိုတဲ့ တစ်ချိန်တုန်းက ပြုခဲ့ဖူးတဲ့ ကျေးဇူးတရားဆိုတာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်တဲ့ အိမ်နိမ့်စံဘဝတုန်းက ဒေါ်အောင်ဆန်းစုကြည် အခက်အခဲဖြစ်တဲ့အချိန်တုန်းက နော်အုန်းလှ ဦးဆောင်ပြီးတော့ အင်္ဂါဆုတောင်းပွဲဆိုတာ အခက်အခဲအမျိုးမျိုး ဒုက္ခသုက္ခအမျိုးမျိုး ကြားထဲကနေပြီးတော့ နော်အုန်းလှ ဦးဆောင်ပြီး လုပ်တာ။ ကျွန်တော်တို့ ပြောချင်တာကတော့ တကယ်လို့ နော်အုန်းလှ အဲဒီလိုဟာတွေကို ထောက်ထားပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေး ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ထားပြီးတော့ နော်အုန်းလှတို့ကို  ရုပ်သိမ်းပေးပါ။ ခွင့်လွတ်ကျေအေးပေးပါလို့ ကျွန်တော်တို့ တောင်းဆိုချင်တယ်"ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။ 

 

ကရင်လူမျိုးတစ်ယောက် ဒုက္ခရောက်ခြင်းသည် ကရင်တစ်မျိုးသားလုံး ဒုက္ခရောက်ခြင်းဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသားများ၏ အထွတ်အမြတ်ထားရာ သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ခုကို ကရင်အမျိုးသားတစ်ဦးအနေဖြင့် နော်အုန်းလှက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခဲ့မှုအတွက် နော်အုန်းလှအား အမှုဖွင့်တရားစွဲဆိုခြင်းသည် လက်ရှိအစိုးရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အထွေထွေသဟဇာတဖြစ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးဟူသော လုပ်ငန်းစဉ်များကို များစွာ ထိခိုက်စေသည်ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့ပြင် ယခုလုပ်ရပ်ကြောင့် ကရင်တိုင်းရင်းသားများသာမက အခြားသော တိုင်းရင်းသားများလည်း များစွာ သံသယဖြစ်စေကြောင်း ၊ ဥပမာအားဖြင့် စာကလေးငှက်တစ်အုပ်အား ခဲတစ်လုံးဖြင့် ပစ်လိုက်ပါက စာကလေးငှက်တစ်အုပ်လုံး ထပျံသကဲ့သို့ဖြစ်ကြောင်းနှင့် တိုင်းရင်းသားများအားလုံးက လက်ရှိတွင် များစွာ သံသယ ဝင်သွားပြီဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

"ဒီလုပ်ရပ်တစ်ခုက ငြိမ်းချမ်းရေးကို အများကြီး ထိခိုက်တယ်။ NCA မှာ ပြဋ္ဌာန်းထားတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံကို ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။  တိုင်းရင်းသားအခွင့်အရေးကာကွယ်ရေးဥပဒေမှာလည်း ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်တယ်ဆိုတာ ပြဋ္ဌာန်းထားတယ်။ အဲဒီတော့ ဒီကနေ့ ဒီလိုဖြစ်ရပ်မျိုးဟာ အကျိုးဆက်ဟာ မကောင်းတဲ့အကျိုးဆက်လို့ပဲ ကျွန်တော်က ပြောချင်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

၎င်းအနေဖြင့် ယခုကဲ့သို့ လာရောက်ပြောကြားခြင်းသည် KNU ၏ သဘောထားကို လာရောက်ပြောကြားခြင်းသာဖြစ်ကြောင်း ၊ ခရီးရှည်တစ်ခုကို အတူသွားကြသော ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ရေရှည်ကို ထောက်ထား၍လည်းကောင်း၊ ငြိမ်းချမ်းရေးကို ထောက်ထား၍လည်းကောင်း တိုင်းရင်းသားများကို နားလည်ခွင့်လွှတ်ပေးရန် တောင်းဆိုကြောင်း၊ နော်အုန်းလှတို့၏ ယခုလုပ်ရပ်သည် တိုင်းပြည်ဆူပူရန် မဟုတ်ကြောင်း၊ ပုန်ကန်ရန်လည်း မဟုတ်ကြောင်းနှင့် တိုင်းရင်းသားများ၏ ဘဝနှင့် ခံစားချက်ကို နားလည်ပေးစေလိုကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

နော်အုန်းလှကို ကရင်အာ ဇာနည်နေ့ အခမ်းအနား ကျင်းပ၍ အရေးယူခြင်း မဟုတ်ဘဲ ငြိမ်းစုစီဥပဒေနှင့် မဆောင်ရွက်သည့်အတွက် အရေးယူခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက် သမ္မတအိမ်တော်  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကရင်အာဇာနည်နေ့သည် KNU ဥက္ကဋ္ဌ စောဘဦးကြီး အပါအဝင် ကရင်အမျိုးသားခေါင်းဆောင်အချို့ ကျဆုံးခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်ကို အစွဲပြု ကရင်အမျိုးသားနေထိုင်ရာဒေသများတွင်  အခမ်းအနားများ ကျင်းပကြခြင်းဖြစ်သည်။