နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်က ၎င်းအား မလိုအပ်ဘဲ အဆင်ပြေသည့်အခြေအနေမျိုးကိုသာ လိုလားပြီး အာဏာကို ဆက်လက်ကိုင်ထားသည့် အခြေအနေအား အမြန်ဆုံး စွန့်လွှတ်ချင်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်က ၎င်းအား မလိုအပ်ဘဲ အဆင်ပြေသည့်အခြေအနေမျိုးကိုသာ လိုလားပြီး အာဏာကို ဆက်လက်ကိုင်ထားသည့် အခြေအနေအား အမြန်ဆုံး စွန့်လွှတ်ချင်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 27 September 2019
ဉာဏ်လင်းထွန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်က ၄င်းကို မလိုအပ်ဘဲ အလိုအလျောက် အဆင်ပြေချောမွေ့သည့် အနေအထားကို လိုလားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလာလာနိုင်သည်နှင့်အမျှ အာဏာကို စွန့်လွှတ်ကာ ပါတီမှနေ၍ နိုင်ငံကို အကြံပေးလမ်းညွှန်လိုသည်ဟု ယူဆကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့််က ပြောကြားသည်။

NLD ပါတီ တည်ထောင်ခြင်း ၃၁ နှစ် မြောက်အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် နံနက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ကျင်းပအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦးက ပါတီ ၃၁ နှစ် မြောက်တွင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ် ရည်မှန်းချက်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ဒေါက်တာမျိုး ညွန့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် နားလည်တာကတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ဟာ သူ့ကိုမလိုဘဲနဲ့ အလိုအလျောက် အဆင်ပြေချောမွေ့နေတဲ့ အခြေအနေမျိုးကို လိုလားတယ်လို့ ပြောပါတယ်။ အဲတော့ သူဟာ အာဏာကို ဆက်လက်ကိုင်ထားရတဲ့ အခြေအနေကို အမြန်ဆုံး စွန့်လွှတ်ချင်ပါတယ်။ ပြည်သူများကိုယ်တိုင် မိမိတို့ ကိုယ်တိုင်ရဲ့ ရွေးချယ်မှုနဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်တာကို အမြန်ဆုံး ရောက်လာတာနဲ့အမျှ သူမဟာလည်း အများလေးစား အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်ဘဝကနေ ဒီမှာပဲ နိုင်ငံကို အကြံပေး လမ်းညွှန်သွားမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့််က ပြောကြားသည်။

သို့ရာတွင် NLD ပါတီက ထုတ်ဖော်ပြောကြားထားသည့် ၂၀၂၀ ရွေးကောက်ပွဲဝင်မည့် အစောဆုံး ကိုယ်စားလှယ်လောင်း နှစ်ဦးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီး ကျန်တစ်ဦးမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဖြစ်သည်။

၁၉၈၈ စက်တင်ဘာ ၂၇ ရက်တွင် NLD ပါတီကို စတင်တည်ထောင်စဉ် ဒေါ် အောင်ဆန်းစုကြည်သည် အထွေထွေ အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ် မတ် တွင် ကျင်းပသည့် NLD ပါတီ နိုင်ငံလုံး ဆိုင်ရာညီလာခံ အစည်းအဝေးအပြီးတွင် ပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

သို့သော် ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ပါတီကိစ္စရပ်များနှင့် ကင်းရှင်းရမည် ဖြစ်သည့်အတွက် NLD ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဒုတိယ ဥက္ကဋ္ဌ (၁) နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်တို့သည့် ပါတီကိစ္စရပ်များကို ဆောင်ရွက်ခွင့် ရှိမည်မဟုတ်ပေ။

မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို မုချပြောင်းလဲနိုင်မည့် ခေါင်းဆောင်မှာ ဒေါ်အောင် ဆန်းစုကြည်သာဖြစ်ပြီး ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အပြောင်းအလဲကို အမှန်တကယ် စွမ်းဆောင်နိုင်သည့် ပါတီမှာလည်း NLD ပါတီပင် ဖြစ်သည်ဟု ပါတီ တည်ထောင်ခြင်း ၃၁ နှစ်မြောက် အခမ်းအနား သဘာပတိ ပါတီ ဗဟိုအလုပ်အမှုဆောင် အ တွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD စတင်ထူထောင်စဉ်ကတည်းက ပြည်သူလူထုကို ပေးအပ်ထားသည့် အများဆန္ဒနှင့် ကိုက်ညီပြီး အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာစေရန် ဆိုသည့် ကတိကို ယနေ့တိုင် အခက်အခဲအမျိုးမျိုး၊ ဖိနှိပ်ကန့်သတ်မှု အမျိုးမျိုးကြားမှ ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် ဆက်လက် ရုန်းကန်လျက်ရှိကြောင်း ၄င်းက ဆိုသည်။

လက်ရှိ အာဏာရ NLD ပါတီ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အစိုးရဖွဲ့နိုင်သည့် အနိုင်ရမှုမျိုး လိုလားနေပြီး အနိုင်ရရှိအောင်လည်း ကြိုးပမ်းမည်ဟု စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်က ပြုလုပ်သည့် ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားထားသည်။