စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍအနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၇၅၀၀ ကျော်၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ သန်း ၄၀၀၀ ကျော်ရှိ

စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍအနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၇၅၀၀ ကျော်၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ သန်း ၄၀၀၀ ကျော်ရှိ
 Coca Cola အချိုရည်ကုမ္ပဏီစက်ရုံကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Coca Cola အချိုရည်ကုမ္ပဏီစက်ရုံကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 26 September 2019

စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများအနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၇၅၀၀ ကျော်၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာသန်း ၄၀၀၀ ကျော်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ သန်း ၃၃၀၀ ကျော်ရှိကြောင်း  ခုနစ်ကြိမ်မြောက် မြန်မာ-စင်ကာပူဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေးမှ သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၌ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၁၂ ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂၂ ဘီလျံကျော်ရှိကာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၇ ရာခိုင်နှုန်းရှိသည်။

စင်ကာပူနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများကို လေ့လာပါက လယ်ယာကဏ္ဍတွင် ဒေါ်လာ ၄၃ ဒသမ ၈၈ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာသန်း ၁၀၀ ကျော်၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ဒေါ်လာ ၄၉ သန်းကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ဒေါ်လာ ၂၅၃၁ သန်းကျော်၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၁၂၀၈ သန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၃၃၅၇ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၆၆၃ ဒသမ ၇၃ သန်း၊ အိမ်ခြံမြေ ကဏ္ဍတွင် ဒေါ်လာသန်း ၄၀၅၀ ကျော်၊ စက်မှုကဏ္ဍတွင် ဒေါ်လာ သန်း၂၀၀ ကျော်၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၁၃၇၁ သန်းကျော် စသည်ဖြင့် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာ-စင်ကာပူ နှစ်နိုင်ငံအကြား ရင်း နှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

“လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၂၂ ဘီလျံ ကျော်ရှိလာပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းသဘောတူစာချုပ်သည် နှစ်နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအထောက်အကူပြုနိုင်ကာ ကြိုတင်ခန့်မှန်းနိုင်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည့်အပြင် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်မည်ဖြစ်သည်။

လက်ရှိဘဏ္ဍာရေးနှစ်တွင် စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးပါပြီး မဟာဗျူဟာကျသည့် စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်သည်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်များအရ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ဒေါ်လာ ၃ ဒသမ ၈၃၈ ဘီလျံအထိ ရှိခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကဏ္ဍနှင့် စက်မှုဇုန်များ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အထောက်အပံ့များ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ ဥပဒေနှင့် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။