အမေရိကန်ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံထားပြီး Chang ဘီယာကို ပုံစံငါးမျိုးဖြင့် မြန်မာနိုင်ငံတစ်ဝန်းသို့ ထုတ်လုပ်ဖြန့်ချိမည့် F & N ၏ Chang ဘီယာချက်စက်ရုံ ပြည်တွင်း၌ စတင်လည်ပတ်

အမေရိကန်ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံထားပြီး Chang ဘီယာကို ပုံစံငါးမျိုးဖြင့် မြန်မာနိုင်ငံတစ်ဝန်းသို့ ထုတ်လုပ်ဖြန့်ချိမည့် F & N ၏ Chang ဘီယာချက်စက်ရုံ ပြည်တွင်း၌ စတင်လည်ပတ်
 ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် တည်ဆောက်ထားသည့် Chang Beer စက်ရုံအား တွေ့ရစဉ်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် တည်ဆောက်ထားသည့် Chang Beer စက်ရုံအား တွေ့ရစဉ်
Published 26 September 2019
                      ဖြိုးဝေ

အမေရိကန်ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံထားပြီး Chang ဘီယာကို ပုံစံငါးမျိုးဖြင့် မြန်မာနိုင်ငံတစ်ဝန်းသို့ ထုတ်လုပ်ဖြန့်ချိမည့် F & N ၏ Chang ဘီယာချက်စက်ရုံ ပြည်တွင်း၌ စတင်လည်ပတ်နေပြီဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် သိရသည်။

“ကျွန်တော်တို့ F & N အနေနဲ့ ဒီဘီယာချက်စက်ရုံကြီးတည်ဆောက်ပြီး စီးပွားရေးလုပ်ငန်းတွေ အမြန်ဆုံး စတင်လည်ပတ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းသစ် တိုးတက်အောင်မြင်စေဖို့ ခွန်အားတွေဖြစ်စေလိမ့်မယ်လို့ ယုံကြည်ထားပါတယ်” F & N Board Executive Committee ၏ ဥက္ကဋ္ဌ Mr. Koh Poh Tiong က ပြောကြားသည်။

Fraser and Neave, Limited (F & N) သည် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံထားပြီး တစ်နှစ်အကြာတွင် Emerald Brewery Myanmar Limited (“Emerald Brewery”) ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ချက်များစတင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲ အခမ်းအနားတစ်ခုကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ပြီး Emerald Brewery Myanmar Limited ၏ Chang Beer စက်ရုံအား ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် တည်ဆောက်ထားကြောင်း သိရသည်။ ထို့ပြင် F & N သည် Emerald Brewery မှတစ်ဆင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ ဒေသတွင်းဝန်ထမ်းများ အလုပ်ခန့်အပ်ရေး၊ ပြည်တွင်းဖြန့်ချိရောင်းချသူများနှင့် လက်တွဲလုပ်ကိုင်ရေးအပါအဝင် လူမှုဝန်းကျင်တိုးတက်အောင် ပ့ံပိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွား တိုးတက်အောင်မြင်ရေးတွင် ပါဝင်ကူညီပံ့ပိုးသွားမည်ဖြစ်သည့်အပြင် F & N ၏ ရင်းနှီးမတည်ငွေများဖြင့် တစ်နှစ်လျှင် ဘီယာ Hectolitres ပေါင်း (၅၀၀၀၀၀) ထုတ်လုပ်နိုင်သည့် ခေတ်မီစက်များ အသုံးပြုထားသော စက်ရုံတည်ဆောက်ခြင်း၊ အရောင်းနှင့် ဖြန့်ချိရေးလုပ်ငန်းစဉ်များ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ခြင်းတို့အပြင် အရောင်းမြှင့်တင်ရေး အစီအစဉ်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသုံးပြုသွားမည်ဖြစ်သည်။

“စက်ရုံတည်ဆောက်လုပ်ငန်းခွင်မှာ လုပ်သားပေါင်း ၁၀၀၀ နီးပါးနဲ့ ကုမ္ပဏီရဲ့လုပ်ငန်းတွေလည်ပတ်ဖို့ ဆောင်ရွက်ရာမှာ အချိန်ပြည့် ဝန်ထမ်းပေါင်း ၁၇၀ ကျော် ခန့်အပ်နိုင်ခဲ့တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့တဲ့အပေါ် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ လာမယ့်ငါးနှစ်အတွင်း Emerald Brewery ရဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကနေ ထောင်ပေါင်းများစွာသော အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာပါ” ဟု Mr. Koh ကဆိုသည်။

Emerald Brewery ၏ လုပ်ငန်းများအား ရေရှည်ခိုင်မြဲတည်တံ့ခြင်းနှင့် တီထွင်ဖန်တီးခြင်းတို့ကို လုပ်ငန်းလုပ်ဆောင်သည့်ကဏ္ဍများတွင် အခြေပြုထည့်သွင်းကာ ဘီယာစက်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်ကုမ္ပဏီဖြစ်သော Krones မှထုတ်လုပ်သည့် ထိရောက်သော စွမ်းအင်ချွေတာစနစ်များပါဝင်သည့် ခေတ်မီစက်သစ်ကြီးများဖြင့် လည်ပတ်လုပ်ဆောင်နေသည်။ ခေတ်မီဆန်းသစ်သည့် နည်းပညာအတွက် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် စက်ရုံတွင် ရေ၊ လျှပ်စစ်ဓာတ်အား အကျိုးထိရောက်ခြင်းနှင့် ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ခြင်းအတွက် အပူစွမ်းအင်ချွေတာခြင်းကဏ္ဍများတွင် အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ 

ထို့ပြင် ဂျပန်နိုင်ငံမှ တီထွင်ထုတ်လုပ်သည့် Kubota Johkasou ၏ နောက်ဆုံးပေါ် စွန့်ပစ်ရေဆိုးသန့်စင်နည်းစနစ်ကို စက်ရုံတွင် တပ်ဆင်ထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညွှန်ကြားချက်များနှင့် ကိုက်ညီစေရန်ရေဆိုးများအား သန့်စင်ထားသည်။ သန့်စင်ပြီးသည့် ၉၀ ရာခိုင်နှုန်းသော စွန့်ပစ်ရေများအား စက်ရုံရှိ ဥယျာဉ်ရေလောင်းခြင်းနှင့် စက်ရုံလည်ပတ်ရာတွင် စွမ်းအင်အဖြစ် ပြန်လည်အသုံးပြုရန် ရည်ရွယ်ထားသည်။ နောက်ပိုင်း စက်ရုံလည်ပတ်ခြင်းအတွက် ၃၀ ရာခိုင်နှုန်းသော စွမ်းအင်ကို နေရောင်ခြည်စွမ်းအင်မှ ရယူအသုံး ပြုသွားမည်ဖြစ်သည်။

Emerald Brewery မှ Chang Lager Beer ကို သံဘူး 330 ML နှင့် 500 ML၊ ပုလင်း 320 ML နှင့် 620 ML တို့အပြင်30 Liter စည် အစရှိသည်ဖြင့် ထုပ်ပိုးမှုပုံစံငါးမျိုးဖြင့် ထုပ်ပိုးဖြန့်ချိသွားမည်ဖြစ်သည်။ ထို့ပြင် စက်ရုံမှ လာမည့်နှစ်များတွင် ထုတ်လုပ်နိုင်မှုစွမ်းရည် တိုးချဲ့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။