နာဂအမျိုးသားပါတီ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်များ၌ အဓိကဝင်ရောက်ယှဉ်ပြိုင်မည်

နာဂအမျိုးသားပါတီ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်များ၌ အဓိကဝင်ရောက်ယှဉ်ပြိုင်မည်
Published 26 September 2019
အောင်သူထွန်း

ာဂအမျိုးသားပါတီ Naga National Party- NNP သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မဲဆန္ဒနယ်များတွင် အဓိကဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌ ဦးရှုမောင်က ပြောကြားသည်။

နာဂအမျိုးသားပါတီ Naga National Party- NNP ကို စက်တင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၁၈၆ ^၂၀၁၉) ဖြင့် ပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

“မနေ့က ပါတီထူထောင်ခွင့်ရပြီ။ ဒီဘက်ခေတ်မှာတော့ နာဂတိုင်းရင်းသားတွေရဲ့ ပါတီတစ်ခုပါ။ ကျွန်တော်တို့ နယ်မြေအနေအထားနဲ့ ရွေးကောက်ပွဲ အခင်းအကျင်းကို ကြည့်ပြီးတော့ အားလုံးလည်း ပြိုင်ချင်ပြိုင်မယ်။ တချို့တစ်ဝက်လည်း ပြိုင်ချင်ပြိုင်မယ်။ မပြောနိုင်သေးဘူး။ ပါတီထောင်မှတော့ ရွေးကောက်ပွဲတော့ ဝင်ရမှာပေါ့။ နေရာအားလုံး ကချင်ရော၊ စစ်ကိုင်းတိုင်းဘက်ရော ဝင်မလား၊ မဝင်ဘူးလားဆိုတာကတော့ ရွေးကောက်ပွဲနီးမှ ရွေးကောက်ပွဲဗျူဟာနဲ့ ပြန်ချိန်ဆရမှာဆိုတော့ ပြောရမှာ နည်းနည်းစောသေးတယ်။ ဝင်မယ်ဆိုရင်တော့ အကြမ်းဖျင်းတော့ အားလုံး နယ်မြေတွေ ဝင်မယ်ဆိုပြီး ပါတီထောင်ကြတာပဲလေ။ ခန္တီး၊ ဟုမ္မလင်းအပါအဝင် တမူး၊ တနိုင်း၊ ရှင်ဗွေယန်အထိဝင်ဖို့တော့ စဉ်းစားထားတာပေါ့။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ အဓိကထားပြိုင်သွားမှာပါ” ဟု NNP ပါတီဥက္ကဋ္ဌ ဦးရှုမောင်က ပြောကြားသည်။

ဆက်လက်၍ ဦးရှုမောင်က “ပါတီရဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်က ပြန်လည်တည်ဆောက်ရေးကို သွားတဲ့ချိန်မှာ ကျွန်တော်တို့ကလည်း လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာဖန်တီးကြတယ်။ ပင်လုံညီလာခံပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တာတွေ၊ မပြင်တာတွေ အဲဒါတွေ အားလုံးအပေါ်မှာ ကျွန်တော်တို့လည်း လူမျိုးတစ်မျိုးဖြစ်တယ်။ ဒေသတစ်ခု ပိုင်ဆိုင်တဲ့အပေါ်မှာ ကျွန်တော်တို့ကလည်း ပြောရင်တော့ ကိုယ့်ရဲ့ရပ်တည်ချက်နဲ့ ကိုယ်ရဲ့အနာဂတ်မှာ ဘာတွေဖြစ်သင့်တယ်ဆိုတာ၊ အဓိကတော့ ကျွန်တော်တို့ရဲ့ လူမျိုးတစ်ခုဖြစ်ခြင်းအပေါ်မှာ တိုင်းပြည်ကို ပြန်ပြီးတော့ ပုံဖော်ကြတဲ့အခါကျတော့ ကိုယ့်ရဲ့ကဏ္ဍ၊ သူ့ကဏ္ဍဆိုတာ သေသေချာချာ ရပ်တည်ပြောဆိုပေးနိုင်ရေးအတွက်ပေါ့။ တိုင်းပြည် တည်ဆောက်ရေးမှာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စတွေ လုပ်တာမှန်ပေမဲ့ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စလေးတွေလည်း ပြောဆိုပေးမယ့် နေရာကျတော့လိုလာတယ်။ ပြည်မပါတီနဲ့ ကျွန်တော်တို့ပါတီ ကွဲခြားချက်က အဲဒါဖြစ်တယ်။ ကိုယ့်လူမျိုး ကိုယ့်ဒေသ အမျိုးသားရေးနဲ့ပတ်သက်တာတွေ ကာကွယ်ပြောဆိုဖို့ဆိုရင်တော့ အမျိုးသားပါတီတွေက အရေးကြီးတာပေါ့။ ကျွန်တော်တို့က ပြည်ထောင်စုမှာ သမ္မတဖြစ်ဖို့၊ ဝန်ကြီးချုပ်ဖြစ်ဖို့ မျှော်မှန်းတဲ့ပါတီမဟုတ်တဲ့အခါကျတော့ တိုင်းပြည်ရဲ့အခင်းအကျင်းထဲမှာ လူမျိုးစုကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ်အနေနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်နယ်မြေအတွက် ပြောရေးဆိုခွင့်တွေ ကာကွယ်တဲ့ဟာရှိရင်လည်း ပြောရမှာပေါ့” ဟု ပြောကြားသည်။

နာဂအမျိုးသားပါတီရုံးချုပ်ကို ချင်းတွင်းမြစ်အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အခြေစိုက်ဖွင့်လှစ်မည်ဖြစ်ပြီး နာဂလူမျိုးအားလုံး ကိုယ်စားပြုရပ်တည်ပေးရန် ဖြစ်သည်ဟု သိရသည်။