ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို ရှေးရှု၍ နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးကို တရားစွဲထားမှု ရုပ်သိမ်းပေးရန် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ တောင်းဆို

ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို ရှေးရှု၍ နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးကို တရားစွဲထားမှု ရုပ်သိမ်းပေးရန် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ တောင်းဆို
Published 26 September 2019
ဉာဏ်လင်းထွန်း

အမျိုးသားရင်ကြားစေ့ရေး၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို ရှေးရှု၍ နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးတို့ကို တရားစွဲဆိုထားမှုအား ရုပ်သိမ်းပေးရန် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ KUPC က စက်တင်ဘာ ၂၆ ရက်တွင် တောင်းဆိုသည်။

စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပခဲ့သည့် ကော်မတီအစည်းအဝေးတွင် ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပမှုနှင့် စပ်လျဉ်းပြီး ဖမ်းဆီးခံထားရသည့် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးကိစ္စကို ထည့်သွင်းဆွေးနွေးပြီးနောက် အထက်ပါ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း KUPC အဖွဲ့ဝင် ကရင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ မန်းထိန်ဝင်းစိန်က ပြောကြားသည်။

“အခုလိုလုပ်လိုက်တာဟာ ငြိမ်းချမ်းရေးသွားတဲ့လမ်းမှာ အဖုအထစ်တွေဖြစ်ရုံမကဘူး။ ကရင်အပါအဝင် အခြားတိုင်းရင်းသားလူမျိုးတွေ အားလုံးမှာ ဒဏ်ရာအနာတရဖြစ်စေပါတယ်” ဟု မန်းထိန်ဝင်းစိန်က ပြောကြားသည်။

ကရင်အာဇာနည်နေ့သည် ကရင်အမျိုးသားများအတွက် သမိုင်းဝင် နေ့ထူးနေ့မြတ်နှင့် ကိုယ်ပိုင်အမျိုးသားလက္ခဏာတစ်ရပ်ဖြစ်ပြီး NCA စာချုပ်နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအရ ဆောင််ရွက်သော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့်ရှိသည်ဟု KUPC က ထုတ်ပြန်သည်။

KUPC သည် ကရင်ဘာသာရေးခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ကရင်အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကရင်လူငယ်ကိုယ်စားလှယ်များ စုစုပေါင်း အဖွဲ့ဝင် ၉၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ကော်မတီတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်က ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပသည့် ပထမအကြိမ် ကရင်ရေးရာ အစည်းအဝေးတွင် စတင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် သြဂုတ် ၁၂ ရက်က ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားသည် ငြိမ်းစုစီဥပဒေအရ ကြိုတင်အကြောင်းကြားသော်လည်း ခွင့်ပြုခြင်းမရှိသည့် အာဇာနည်စာသားပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်းမပြုရန် တားမြစ်ချက်ကို လိုက်နာခြင်းမရှိသည့်အတွက် ဦးဆောင်သူ သုံးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ထိုသို့ တရားစွဲဆိုခြင်းအား ပြန်လည်ရုပ်သိမ်းပေးရန် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ကရင်အဖွဲ့အစည်းများ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA တို့က ကြေညာချက်အသီးသီး ထုတ်ပြန်ထားသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်အခန်း (၁) အပိုဒ် (၁) (စ) တွင် နိုင်ငံတော်အတွင်း နေထိုင်ကြသော တိုင်းရင်း သားလူမျိုးများ၏ မတူကွဲပြားသော နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများကို အသိအမှတ်ပြု၍  ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်ဆိုသည့် သဘောတူညီချက်ကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် KUN က စက်တင်ဘာ ၁၆ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

တိုင်းရင်းသားလူမျိုးများ၏ မတူညီသော အမျိုးသားလက္ခဏာများကို အသိအမှတ်ပြုပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ်တည်ဆောက်လိုသည့် ဆန္ဒထုတ်ဖော်ပြသရန် KNU က တိုက်တွန်းသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒေါ်နော်အုန်းလှကို ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပ၍ အရေးယူခြင်းမဟုတ်ဘဲ ငြိမ်းစုစီဥပဒေနှင့် မဆောင်ရွက်သည့်အတွက် အရေးယူခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်က ပြောကြားထားသည်။

ကရင်အာဇာနည်နေ့သည် KNU ဥက္ကဋ္ဌ စောဘဦးကြီးအပါအဝင် ကရင်အမျိုးသားခေါင်းဆောင်အချို့ ကျဆုံးခဲ့သည့် ၁၉၅၀ ခုနှစ် သြဂုတ် ၁၂ ရက်ကို အစွဲပြု၍ ကရင်အမျိုးသားနေထိုင်ရာဒေသများတွင် အခမ်းအနားများ ကျင်းပကြခြင်းဖြစ်သည်။