ကမ္ဘာ့ရေနံစျေး တစ်စည် ၅၈ ဒေါ်လာဝန်းကျင်သို့ ပြန်ကျလာသော်လည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ဆက်တက်နေပြီး ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၅၀ အထိ မြင့်တက်

ကမ္ဘာ့ရေနံစျေး တစ်စည် ၅၈ ဒေါ်လာဝန်းကျင်သို့ ပြန်ကျလာသော်လည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ဆက်တက်နေပြီး ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၅၀ အထိ မြင့်တက်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 24 September 2019

ကမ္ဘာ့ရေနံစျေး ၅၈ ဒေါ်လာဝန်းကျင်သို့ ပြန်ကျလာသော်လည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ဆက်တက်နေပြီး ၁၀ ရက်အတွင်း ကျပ် ၅၀ အထိ ဆက်လက်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊  ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျဆင်း ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ ၊ သြ ဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျ ခဲ့သည်။ စက်တင်ဘာ ၁၆ ရက်တွင် ၆၂  ဒေါ် လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ စက်တင် ဘာ ၂၄ ရက်တွင် ၅၈ ဒေါ်လာအထိ ပြန်ကျခဲ့ သည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ကမ္ဘာ့ရေနံစျေး  ကျဆင်းမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၂၁ ရက် အတွင် စက်သုံးဆီအမျိုးအစားအလိုက် ၁၁ ရာခိုင်နှုန်းကျော်မှ ၁၄ ရာခိုင်နှုန်းကျော်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ စက်သုံးဆီစျေးနှုန်းများ သုံးရာခိုင်နှုန်းကျော်မှ လေးရာခိုင်နှုန်းကျော်အထိ ပြန်တက်ခဲ့သည်။ ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အတွင်း သုံးရာခိုင်နှုန်းကျော်မှ ငါးရာခိုင်နှုန်းကျော်အထိ စျေးနှုန်းများပြန်ကျလာပြီး သြဂုတ် ၁၅ ရက်မှစတင်ကာ စျေးအနည်းငယ်ပြန်တက်လာခြင်းဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်တွင် ပြည်တွင်း စက်သုံးဆီဆိုင်အချို့တွင် ရောင်းချနေသော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ် ၉၆၀ (တစ်ဂါလန် ၄၃၆၄ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၉၇၀ (တစ်ဂါလန်  ၄၄၀၉ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၆၅ ကျပ် (တစ်ဂါလန် ၃၉၃၂ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၅၅ ကျပ် (တစ်ဂါ လန် ၄၃၄၁ ကျပ်) ဖြစ်ပြီး သြဂုတ် ၁၄ ရက် စျေးထက် တစ်လီတာ ကျပ် ၈၀ အထိ၊ စက်တင်ဘာ ၁၅ ရက်စျေးထက် တစ်လီတာ  ကျပ် ၅၀ အထိမြင့်တက်လာခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက် ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့် ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါလန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း(လီတာ)များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ  ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ် တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက် မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါး ခဲ့ကာ ဇွန်လ (၂၁ ရက်အထိ)တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ဇွန် ၂၁ မှ ဇူလိုင် ၁၅ အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့ကာ သြဂုတ် ၁၄ ရက် မှ စက်တင်ဘာ ၂၄  ရက် အထိ တစ်လီတာ ကျပ် ၁၃၀ အထိပြန်တက်ခဲ့ခြင်းဖြစ်သည်။