အိန္ဒိယနိုင်ငံမှ အဝယ်ရပ်နားခဲ့ပြီးနောက် စျေးနှုန်းကျဆင်းနေသည့် မတ်ပဲအား တရုတ်နိုင်ငံမှ ဝယ်ယူလာခြင်းကြောင့် စျေးကျဆင်းမှု ရပ်တန့်ကာ အရောင်းအဝယ် ပြန်သွက်လက်လာ

အိန္ဒိယနိုင်ငံမှ အဝယ်ရပ်နားခဲ့ပြီးနောက် စျေးနှုန်းကျဆင်းနေသည့် မတ်ပဲအား တရုတ်နိုင်ငံမှ ဝယ်ယူလာခြင်းကြောင့် စျေးကျဆင်းမှု ရပ်တန့်ကာ အရောင်းအဝယ် ပြန်သွက်လက်လာ
 မန္တလေးကုန်စည်ဒိုင် ပဲစျေးကွက်တွင် ရောင်းချရန် ပြသထားသော ပဲနမူနာများကို တွေ့ရစဉ်
 မန္တလေးကုန်စည်ဒိုင် ပဲစျေးကွက်တွင် ရောင်းချရန် ပြသထားသော ပဲနမူနာများကို တွေ့ရစဉ်
Published 24 September 2019
မင်းလတ်

အိန္ဒိယနိုင်ငံမှ အဝယ်ရပ်နားခဲ့သည့်အတွက် စျေးနှုန်းများ တရိပ်ရိပ် ကျဆင်းနေသည့် မတ်ပဲသီးနှံအား တရုတ်နိုင်ငံမှ ဝယ်ယူလာခြင်းကြောင့် စျေးကျဆင်းမှု ရပ်တန့်ကာ အရောင်းအဝယ် ပြန်လည် သွက်လက်လာကြောင်း မန္တလေး ကုန်စည်ဒိုင် ပဲစျေးကွက်မှ သိရသည်။

ယခုနှစ်တွင် မတ်ပဲပေါ်ဦးပေါ်ဖျား ဇန်နဝါရီလက သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ နှုန်းဖြင့် အဖွင့်စျေးရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှ တန်ချိန်တစ်သိန်းခွဲ ဝယ်ယူရန် စာချုပ်ထားသည့်အတွက် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၈၅၀၀၀ နှုန်းအထိ စျေးမြင့်တက်ခဲ့သော်လည်း သြဂုတ်လလယ်မှစ၍ ဝယ်ယူမှု နည်းပါးလာခြင်းကြောင့် စျေးနှုန်းများ တရိပ်ရိပ်ကျဆင်းလာပြီး စက်တင်ဘာလ လက်ရှိအချိန်၌ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ နှုန်းအထိ ပြန်လည်ကျဆင်းလာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်း မြင့်ပွဲရုံ) က ပြောကြားသည်။

“မန္တလေးစျေးကွက်ထဲ စက်တင်ဘာလ တတိယအပတ်မှာ မတ်ပဲစျေးက ကျဆင်းနေတယ်။ အောက်တိုဘာလကုန်မှာ မတ်ပဲတင်ပို့မှု အပြီးတင်ပို့ရမှာ ဖြစ်တဲ့အတွက်ကြောင့်နဲ့ ပြည်တွင်းမတ်ပဲလက်ကျန် များနေတဲ့အတွက်ကြောင့် မတ်ပဲစျေးက အခုရက်ပိုင်း ကျဆင်းနေပါတယ်။ မန္တလေးစျေးကွက်ထဲမှာ သြဂုတ်လအလယ်လောက်က သုံးတင်းတစ်  အိတ်ကို ကျပ် ၈၀၀၀၀ ရှိပြီး စက်တင်ဘာလ ဆန်း ပထမပတ်မှာ မတ်ပဲအလုံးလတ် သုံး တင်းတစ်အိတ် ကျပ် ၆၅၀၀၀ စျေးနဲ့ အလုံး အကြီး စမတ်ပဲစျေး ကျပ် ၆၈၀၀၀ လောက် အထိ စျေးကျသွားတယ်။ လက်ရှိအချိန်ကာ လတူနှစ်တွေမှာဆို လှောင်လက်သမားတွေ ပစ္စည်းထုတ်တဲ့ အချိန်ဖြစ်နေတယ်။ မတ်ပဲစိုက်ပျိုးချိန်က ဆောင်းတွင်းဆို စတင်စိုက် ပျိုးချိန်ရောက်မှာမို့ တောင်သူတွေ လက်ထဲက မတ်ပဲတွေလည်း ထုတ်ရောင်းနေကြပြီး အိန္ဒိယဝယ်လက်တွေကလည်း အခုရက်ပိုင်းအတွင်း အဝယ်ရပ်ထားသဖြင့် မတ်ပဲစျေးက ကျဆင်းနေပါတယ်။ မတ်ပဲစျေးကျနေတဲ့ အ ချိန်မှာ စျေးကွက်ထဲ တရုတ်ဝယ်လက်က ဝယ်ယူမှုရှိနေတာကြောင့် မတ်ပဲစျေးက ကျ သင့်သလောက် မကျဆင်းဘဲဖြစ်နေတာ၊ အ ရောင်းအဝယ် စျေးကွက်ထဲ ပြန်ဖြစ်နေတယ်။ ပြီးခဲ့နှစ် ၂၀၁၈ ခုနှစ်ကလည်း မတ်ပဲစျေး ကျပ် ၄၅၀၀၀ ကနေ ၄၈၀၀၀ စျေးဖြစ်နေချိန် မှာ မတ်ပဲစျေးကျနေချိန် တရုတ်ဝယ်လက် တွေက ဝင်ရောက်ဝယ်ယူမှုရှိတယ်။ ဒီနှစ်မှာ လည်း မတ်ပဲစျေးကျနေချိန်မှာ တရုတ်ဝယ်လက်တွေ ဝင်ရောက်ဝယ်ယူမှုကြောင့် မတ်ပဲစျေး ကျသင့်သလောက် မကျဘဲ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပါတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောကြားသည်။

ယခင်နှစ်များက အိန္ဒိယနိုင်ငံ ဝယ်လိုအားကြောင့် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်နှစ်သိန်းနှုန်းအထိ အမြင့်ဆုံးစျေးသို့ ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကန့်သတ်ချက်များဖြင့် ဝယ်ယူလာမှုကြောင့် စျေးနှုန်းများ ကျဆင်းကာ တောင်သူများ အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မတ်ပဲသီးနှံကို အဓိက စိုက်ပျိုးကြသည့်အပြင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့တွင်လည်း ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးကြသည်။

မန္တလေးပဲစျေးကွက်တွင် ပြည်ပသို့ အဓိက တင်ပို့ကုန်များဖြစ်သည့် ပဲစင်းငုံမှာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၈၈၀၀၀ နှုန်း ဖြင့်လည်းကောင်း၊ မြေတောက်ပဲမှာ ကျပ် ၁၂၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပဲတီစိမ်းမှာ ကျပ် ၁၀၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ မြေပဲလုံးဆန်မှာ တစ်ပိဿာလျှင်ကျပ် ၃၉၀၀ နှုန် ဖြင့်လည်းကောင်း၊ ထောပတ်ပဲ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၁၀၀၀၀ နှုန်းဖြင့်လည်းကောင်း နှမ်းနက် သုံးတင်းဝင်တစ်အိတ် ၂၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ် ၁၅၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထိုင်ဝမ်ကုလားပဲ ၇၈၀၀၀ နှုန်းဖြင့်လည်းကောင်း ပြောင်းဖူးစေ့ ၂၁၀၀၀ နှုန်းဖြင့်လည်းကောင်း ယနေ့ပေါက်စျေး (စက်တင်ဘာ ၂၄ ရက်) ရှိကြောင်း သိရသည်။