တပ်မတော်အတွင်း မဲရုံထားရှိခြင်းနှင့် ကြိုတင်မဲကိစ္စကို ဆက်လက် ကန့်ကွက်မည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား

တပ်မတော်အတွင်း မဲရုံထားရှိခြင်းနှင့် ကြိုတင်မဲကိစ္စကို ဆက်လက် ကန့်ကွက်မည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား
စက်တင်ဘာ ၂၂ ရက်က NLD ပါတီဌာနချုပ်တွင် ဗဟိုကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
စက်တင်ဘာ ၂၂ ရက်က NLD ပါတီဌာနချုပ်တွင် ဗဟိုကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 24 September 2019
ဉာဏ်လင်းထွန်း

တပ်မတော်အတွင်း မဲရုံထားခြင်းနှင့် ကြိုတင်မဲကိစ္စတို့အပေါ် ယခင်ရွေးကောက်ပွဲများထဲက ကန့်ကွက်ခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင်လည်း ထိုရပ်တည်ချက်အတိုင်း ဆက်လက် တောင်းဆိုမည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်တွင် နှစ်ရက်တာ ကျင်းပခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးအပြီး စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံ သွားမှာ။ အားလုံးက အညီအမျှပဲ ဖြစ်စေချင်တယ်။ တပ်မဲနဲ့ ပတ်သက်ရင် တပ်ထဲမှာ မဲရုံ လုပ်တာကအစ ကျွန်တော်တို့ သဘောမတူနိုင်ဘူး။ ကျွန်တော်တို့ တောက်လျှောက် ရွေးကောက်ပွဲကာလတိုင်းမှာ ဒီဟာကို ကန့်ကွက်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ အခုရောဆို ဒီကိစ္စက ဥပဒေကြောင်းပြဿနာမို့ ဆက်ပြီးတော့ ဒီအတိုင်း ရပ်တည်ပြီး တောင်းဆိုရမှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်ကလည်း လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း တရားဝင်ရရှိပြီး တပ်မတော်အနေဖြင့် မည်သည့်အတွက်ကြောင့် ထပ်မံ မဲပေးသနည်းဟု မေးခွန်းထုတ်သည်။

“ဒီကိစ္စ တပ်တွင်းမဲရုံတွေ ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ အရင်တုန်းကလည်း ကန့်ကွက်ဖူးတယ်။ အခုလည်း ဒါကို လုပ်ငန်းစဉ်အနေနဲ့ ကျွန်တော်တို့ ပြောနေမှာ။ ကျွန်တော်တို့ ဗဟိုကော်မတီဝင်တွေကလည်း ဒါကို ပြောတယ်”ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

တပ်မတော် ကြိုတင်မဲများနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်စဉ်များသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အပါအဝင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ရှိခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း အနိုင်ရမှု၌ ၎င်းရရှိခဲ့သည့် တပ်မတော်အတွင်း ကြိုတင်မဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သိရှိလိုကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ ပါတီသုံးခုမှ ကိုယ်စားလှယ်လောင်းများ စာတင်တောင်းဆိုမှုတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းလည်း ပါဝင်ခဲ့သည်။

ဆန္ဒမဲ ၅၀၀၀ ဝန်းကျင် ပိုမိုရှိပြီး အနိုင်ရခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်သည် ကြိုတင်မဲ ၄၂၀၀ ကျော်ရရှိခဲ့ပြီး တတိယ မဲအများဆုံးရ NLD ပါတီ ကိုယ်စားလှယ်သည် ကြိုတင်မဲ ၈၀၀ ဝန်းကျင် ရရှိသည်။

တပ်မတော်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုများ၏ မဲဆန္ဒရှင်စာရင်း ပြုစုမှုတွင် ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်ရှင်စာရင်းပြုစုမှုနှင့် မတူညီသည့်အတွက် တပ်မတော်အတွင်း ကြိုတင်မဲ အချက်အလက်နှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းနှင့် မဲဆန္ဒရှင် အသိပညာပေး ဆောင်ရွက်သည့် New Myanmar Foundation အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်မြနန္ဒာသင်း က မှတ်ချက်ပြု ပြောကြားသည်။

“ဘာလို့ တပ်တွင်း ကြိုတင်မဲကို စိတ်ဝင်စားရလဲဆိုတော့ information ရဖို့က ခက်ခဲတယ်လေ။ ခက်ခဲတယ် ဆိုတဲ့အခါကျတော့ အဲဒီလိုမျိုး အပိုင်းတွေနဲ့ ပတ်သက်ပြီး ရှိနေတယ်ဆိုရင် ဘယ်လောက်ထိများရှိနေ တယ်ပေါ့။ ဒါတွေကို ချပြမယ်။ ရွေးကောက်ပွဲကော်မရှင်ကနေ တစ်ဆင့်ပဲ ဖြစ်ဖြစ်ပေါ့လေ။ အဲဒီလိုမျိုး ချပြမယ် ဆိုရင်တော့ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်လောင်းမဆို သူတို့အနေနဲ့ တရားမျှတမှု ရှိတယ်လို့ ထင်မှာပေါ့” ဒေါ်မြနန္ဒာသင်းက ပြောကြားသည်။

တပ်မတော်အတွင်း မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ တပ်ရင်းမှူးများထံမှ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရယူရခြင်းဖြစ်သည်။