NLD ပါတီ ဦးဆောင်သည့် လက်ရှိအစိုးရက ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ဟု စွပ်စွဲနိုင်သကဲ့သို့ မိမိတို့အနေဖြင့်လည်း သန့်ရှင်းကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

NLD ပါတီ ဦးဆောင်သည့် လက်ရှိအစိုးရက ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ဟု စွပ်စွဲနိုင်သကဲ့သို့ မိမိတို့အနေဖြင့်လည်း သန့်ရှင်းကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 23 September 2019
ဉာဏ်လင်းထွန်း

လက်ရှိအစိုးရ ဖွဲ့စည်းပေးသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ဟု စွပ်စွဲနိုင်သကဲ့သို့ မိမိတို့အနေဖြင့်လည်း သန့်ရှင်းကြောင်း  NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၂ ရက်ထိ နှစ်ရက်တာ ကျင်းပခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ဒေါက်တာဇော်မြင့်မောင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၂၀ မှာ ရွေးကောက်ပွဲမှာ ဘာမှ မလုပ်ရသေးဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကို အယုံကြည်မရှိဘူးလို့ ပြောတာတော့။ အတိုက်အခံတွေဘက်က ပြောတာပါ။ ဒါကတော့ စွပ်စွဲနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း သန့်ရှင်းနေတာပဲ။ ဖွဲ့တာတော့ သက်တမ်း ပြည့်သွားတဲ့အတွက် ကျွန်တော်တို့ အစိုးရလက်ထက်မှာ ရွေးကောက်ပွဲကော်မရှင် ဖွဲ့ပေးတာပေ့ါဗျာ။ ယုံခြင်း မယုံခြင်းဟာ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုနဲ့သာ ဆိုင်ပါတယ်။ တရားသောဖြင့် ယှဉ်ပြိုင်မှာလား ယှဉ်ပြိုင်မယ်ဆိုရင် ဘယ်သူပဲ ဒိုင်လူကြီး လုပ်လုပ်ပါ”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင် လက်ထက် ၁၉၉၀ ရွေးကောက်ပွဲတွင် တရားမျှသော ယှဉ်ပြိုင်ခြင်းဖြင့် ယှဉ်ပြိုင်၍ အနိုင်ရခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း မည်သည့်အပြစ်မှ ပြောကြားခဲ့ခြင်းမရှိဘဲ ရိုးသားစွာ ယှဉ်ပြိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စအဝဝကို စီမံခွင့်ရှိသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အာဏာရအစိုးရက ခန့်အပ်ဖွဲ့စည်းခွင့် ရှိသည်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှုအားနည်းနေကြောင်း အင်အားကြီး အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီအချို့က အတိအလင်း ဝေဖန်ထားသည်။

ယင်းသို့ ဝေဖန်ခြင်းက ရှေ့တွင်ဖြစ်ခဲ့သည့် သက်သေ သာဓကများ (ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်မှုဖြစ်စဉ်အားလုံး ရှုံးနိမ့်ခြင်းကို အဓိကဆိုလို) ကြောင့် ဖြစ်ကာ အကြောင်းမဲ့ စွပ်စွဲဝေဖန်နေခြင်း မဟုတ်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က The Daily Eleven ကို စက်တင်ဘာ ၆ ရက်က ပြောကြားထားသည်။

“ကျွန်တော်တို့ ပါတီက နဂိုကတည်းက ပြောထားပြီးသား။ ကော်မရှင်အပေါ်မှာ ယုံကြည်မှု အားနည်းနေတယ်။ ယုံကြည်မှု မရှိသေးဘူး။ ကျွန်တော်တို့ စောင့်ကြည့်နေတယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

NLD ကသာ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ဖွဲ့စည်းခဲ့သည့် ဦးတင်အေး ဦးဆောင်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အထောက်အထားမရှိဘဲ အကြောင်းမဲ့ ဝေဖန်ပြောကြားခဲ့သည်ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ကြောင်း ဝေဖန်ခံရသည့် အဓိက အကြောင်းရင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကြောင့်ဖြစ်ပြီး ယင်းဥပဒေကြောင့် မည်သည့် ကော်မရှင်ဖြစ်စေ ယခုကဲ့သို့ ဝေဖန်ခံနေရမည်ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က မှတ်ချက်ပြုသည်။

“လက်ရှိ ဥပဒေမူဘောင် ကိုယ်တိုင်က ဘယ်ကော်မရှင်ပဲ တက်တက် အဲဒီလိုဟာမျိုး ဝေဖန်ခံရမှာပဲ။ လက်ရှိ ဥပဒေမူဘောင်က ဒီမိုကရေစီစံနှုန်းနဲ့ မညီညွတ်ဘူး။ ဒီမိုကရေစီစံနှုန်းနဲ့ ပတ်သက်ရင် အားနည်းနေတယ်။ ဆိုတဲ့အခါမှာ ဘယ်လို ကော်မရှင်မျိုးပဲ တက်လာတက်လာ၊ ဘယ်လိုလူမျိုးပဲ တက်လာတက်လာ ဒီကော်မရှင်ဟာ အာဏာရတဲ့ အစိုးရကိုပဲ ဘက်လိုက်မှာပဲဆိုတဲ့ စွပ်စွဲချက် အမြဲတမ်းရှိမယ်။ အခြေခံ အကြောင်းတရားကတော့ ဒီဥပဒေမူဘောင်ကို ပြင်ဖို့လိုတယ်” ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ကော်မရှင်ဥပဒေ မပြင်ဆင်နိုင်သေးလျှင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာများအား ပုံမှန်တွေ့ဆုံခြင်း၊ သတင်းအချက်အလက် မျှဝေခြင်း၊ ဆောင်ရွက်ချက်များ ရှင်းလင်းခြင်းတို့ဖြင့် ကော်မရှင်အပေါ် ယုံကြည်မှု အထိုက်အလျောက် တိုးတက်စေနိုင်သည်ဟု ကိုစိုင်းရဲကျော်စွာမြင့်က အကြံပြုသည်။