Bilateral လက်မှတ်ရေးထိုးရန်နှင့် တပ်မတော်၏ အပစ်ရပ် သက်တမ်းတိုးရန် အဆုံးအဖြတ်ပေးမည့် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲအား ယနေ့ (စက်တင်ဘာ ၁၇ ရက်) တွင် ရှမ်းပြည် နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် ပြုလုပ်မည်ဖြစ် သည်။
အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဒုတိယဥက္ကဋ္ဌ ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်၍ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် တပ်မတော် ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော တပ်မတော် အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်လာသည်။
တပ်မတော် အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် NRPC ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်တွင် နေပြည်တော်မှ တစ်ဆင့် ကျိုင်းတုံမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက််ရှိလာသည်။
ယခုတွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့မှ ကိုယ်စားလှယ်များသည်လည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ(၄)၊ မိုင်းလားသို့ စက်တင်ဘာ ၁၆ ရက်က ရောက်ရှိလာပြီး ယနေ့ (စက်တင်ဘာ ၁၇ ရက်) တွင် မိုင်းလားမှ မော်တော်ယာဉ်ခရီးဖြင့် ကျိုင်းတုံမြို့သို့ ရောက်ရှိမည် ဖြစ်သည်။
မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့သည် အစိုးရနှင့် Bilateral လက်မှတ်ရေး ထိုးရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး တပ်မတော်နှင့် ညီနောင် မဟာမိတ် သုံးဖွဲ့တို့က တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း သီးခြားစီ ကြေညာချက်များ ထုတ်ပြန်ထားသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရှမ်းမြောက်ဒေသတွင် တပ်မတော် နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
“အဲဒါကတော့ မြေပြင်ပေါ်မှာ ဖြစ်တာက ဖြစ်တာပဲလေ။ ဘာပဲဖြစ်ဖြစ် တွေ့ဆုံဖို့က အဓိက အရေးကြီးတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခု ၁၇ ရက်နေ့ဆိုပြီး ချိန်းထားတဲ့ကိစ္စမှာ ဒီဘက်က NRPC ဘက်ကရော၊ တပ်မတော်ဘက်ကရော အားလုံးစုံစုံညီညီ ရောက် ရှိနေပြီဖြစ်တယ်။ နောက်ပြီး မြောက်ပိုင်းအဖွဲ့တွေလည်း အားလုံး မိုင်းလားမှာ ရောက်နေပြီဖြစ်တယ်”ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
Bilateral လက်မှတ်ရေးထိုးရန်အတွက် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ အဓိကဆွေးနွေးကြမည့် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့၏ ယခုဆွေးနွေးပွဲတွင် ဆွေးနွေးမှုများ အဆင်ပြေပါက ရက်ထပ်တိုးရန် NRPC ဘက်က ကမ်းလှမ်းထားသည်ဟုလည်း ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
“သတ်မှတ်ထားတာကတော့ ၁၇ ရက်နေ့ တစ်ရက်တည်း။ ဒါပေမဲ့ ဆွေးနွေးမှုရဲ့အပေါ်မှာ ရလဒ်ရဲ့အပေါ်မှာ အဆင်ပြေလာရင်တော့ ထပ်တိုးဖို့လည်း၊ ထပ်တိုးသင့်ရင်လည်း တိုးဖို့အကြောင်း NRPC က လူကြီးတွေ ကတော့ ပြောပါတယ်”ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးရန်အတွက် ယခုတွေ့ဆုံမှုတွင် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးပေးရန် ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်က ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် မြောက်ပိုင်း လေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲ၌ မြောက်ပိုင်းလေးဖွဲ့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“အဓိကကတော့ Bilateral လက်မှတ် ထိုးနိုင်ဖို့အတွက်က တပ်ပိုင်းဆိုင်ရာ အရေးကြီးတယ်လေ။ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက် ပြီးတော့မှ နေရာချထားရေးတို့ ဘာတို့ပေါ့ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းစရာ အများကြီး ရှိတယ်။ ဒါကြောင့် ဒီတစ်ခေါက် တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေလည်း ပါလာပြီဆိုတော့ တပ်ပိုင်းဆိုင်ရာ ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
သြဂုတ် ၃၁ ရက် အစိုးရနှင့် မြောက်ပိုင်း လေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တပ်မတော်က ယခင်အပစ်ရပ် ကြေညာထားသည့် တိုင်းစစ်ဌာနချုပ် နယ်မြေ ငါးခုတွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိ အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ပေးခဲ့ပြီး တပ်မတော်၏ အပစ်ရပ် သက်တမ်း ထပ်မံ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ ၊ မရှိသည် ယခု ဆွေးနွေးပွဲ၏ ရလဒ်အပေါ်တွင် မူတည်နေသည်။
တပ်မတော်၏ အပစ်ရပ်သက်တမ်း တိုးရန်မှာ ယခုဆွေးနွေးပွဲရလဒ်ပေါ် မူတည်ပြီး ရလဒ် မကောင်းပါက အလားအလာသည် အနည်းငယ် စိုးရိမ်ရကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ထို့ပြင် ယခု တွေ့ဆုံပွဲတွင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ Bilateral လက်မှတ်ရေးထိုးရေး အဆုံးအဖြတ်ရလဒ် ထွက်လာဖွယ်ရှိနေပြီး Bilateral လက်မှတ်ရေးထိုးရန် ရက်သတ်မှတ်နိုင်မည့် အနေအထားအထိ ရှိနေကြောင်း သိရသည်။















