ဟောင်ကောင်ရဲတပ်ဖွဲ့၏ ပိတ်ပင်မှုအား အာခံလျက် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ထောင်ပေါင်းများစွာက စက်တင်ဘာ ၁၅ ရက်တွင် လမ်းပေါ်ထွက်လာခဲ့ကြပြီးနောက် အစိုးရရုံးအပြင်ဘက်၌ ရဲများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ခဲ့ကြပြီး ရဲများက ဓာတုပစ္စည်းများပါသော အပြာရောင်ရေများနှင့် မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
ကလေးများပါဝင်သော မိသားစုများနှင့်အတူ အနက်ရောင်ဝတ်ပြီး နှာခေါင်းစည်းများ တပ်ဆင်ထားကြသော သဘောထားတင်းမာသူများလည်း ရောနှောပါဝင်သော ဆန္ဒပြသူများသည် Causeway Bay စျေးဝယ်ခရိုင်၏ လမ်းများသို့ စုဝေးရောက်ရှိလာခဲ့ကြပြီး ၁.၂ မိုင်ကွာဝေးသော ဗဟိုဘဏ္ဍာရေးခရိုင်သို့ ချီတက်ခဲ့ကြသည်။ ဆန္ဒပြသူအချို့က အမေရိကန်နှင့် ဗြိတိန်အလံများ ဝှေ့ယမ်းခဲ့ကြပြီး အချို့ကမူ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် တောင်းဆိုထားသည့် စာတန်းများကို ကိုင်ဆောင်ခဲ့ကြသည်။
ဆန္ဒပြမှုများပြုလုပ်ရန် Civil Human အဖွဲ့၏ တောင်းဆိုမှုအား ရဲတပ်ဖွဲ့က ပယ်ချခဲ့သော်လည်း ဆန္ဒပြသူများက ပိတ်ပင်မှုကို မမှုဘဲ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ထိုချီတက်မှုကြောင့် Causeway Bay ရှိ ဟောင်ကောင်၏ အကြီးဆုံးစျေးဝယ်ကုန်တိုက်တစ်ခုဖြစ်သော Sogo အပါအဝင် ဆိုင်အများအပြားအား ပိတ်ထားခဲ့ရပြီး ယာဉ်သွားလာမှုများကိုလည်း အဟန့်အတား ဖြစ်စေခဲ့သည်။ ဆန္ဒပြသူများသည် တရုတ်အလံများအား မီးရှို့ခဲ့ကြပြီး အောက်တိုဘာ ၁ ရက်တွင် အာဏာရရှိမှု အနှစ် (၇၀) ပြည့် ကျင်းပမည့် တရုတ်အာဏာရကွန်မြူနစ်ပါတီအား ဂုဏ်ပြုထားသော စာတန်းများကို ဆုတ်ဖြဲခဲ့ကြသည်။ မြင်တွေ့နေကျ မြင်ကွင်းများအဖြစ် ဆန္ဒပြသူအချို့က မြေအောက်ဘူတာရုံ ထွက်ပေါက်တစ်ခုတွင် ပြတင်းမှန်များနှင့် လုံခြုံရေးကင်မရာများအား ရိုက်ခွဲပစ်ခဲ့ကြသည်။
ယင်းနောက် ဆန္ဒပြသူ ရာပေါင်းများစွာသည် အစိုးရအဆောက်အအုံဝင်းကို ပစ်မှတ်ထားခဲ့ကြပြီး ရဲတပ်ဖွဲ့၏ အရံအတားများကို ကျော်၍ ခဲများနှင့် ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ရဲများကလည်း မျက်ရည်ယိုဓာတ်ငွေ့များဖြင့် တုံ့ပြန်ခဲ့ကြပြီး ရဲများထံ ပစ်ခတ်သူများအား ဖော်ထုတ်ရာတွင် ကူညီပေးနိုင်သည့် အပြာရောင်ရေများအပြင် ဓာတုပစ္စည်းများပါဝင်သော ရေများကို ပက်ဖြန်းခဲ့ကြသည်။
ယင်းနောက် ဆန္ဒပြသူများသည် ဆုတ်ခွာခဲ့ကြပြီး အနီးရှိ ဝမ်ချိုင်းဒေသတွင် စုဝေးခဲ့ကြကာ မြေအောက်ဘူတာရုံတစ်ခုအပြင်ဘက်နှင့် လမ်းများပေါ်တွင် မီးရှို့ခဲ့ကြသည်။ အဓိကရုဏ်းနှိမ်နင်းရေးရဲများ ရောက်ရှိလာပြီးနောက် ဆန္ဒပြသူများက လိုက်တမ်းပြေးတမ်း နာရီအနည်းငယ်ကြာပြုလုပ်ခဲ့ပြီးနောက် ထွက်ပြေးခဲ့ကြသည်။ အနီးရှိ နော့ပွိုင့်ဧရိယာတွင် ဆန္ဒပြသူများက ယာဉ်များသွားလာမှုကို အနှောင့်အယှက်ပြုခဲ့ကြပြီးနောက် ရဲများက မျက်ရည်ယိုဓာတ်ငွေ့များ ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်တစ်ရက်လုံးတွင် ထိုဖြစ်စဉ်များကြောင့် စိုးရိမ်ရသူသုံးဦးအပါအဝင် လူရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
အငြင်းပွားဖွယ် ရာဇဝတ်သား လွှဲပြောင်းပေးရေး ဥပဒေကြမ်းအား ဆန့်ကျင်ဆန္ဒပြမှုစတင်ခဲ့သော ဇွန်နောက်ပိုင်းတွင် ဆန္ဒပြသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများအကြား ပဋိပက္ခများအတွင်း လူ ၁၃၀၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရသည်။














