Foxconn ဥက္ကဋ္ဌဟောင်းက ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မည်ဟု အရိပ်အမြွက်ပြောကြား

Foxconn ဥက္ကဋ္ဌဟောင်းက ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မည်ဟု အရိပ်အမြွက်ပြောကြား
ဇွန် ၂၁ ရက်တွင်  နယူးတိုင်ပေမြို့၌ မီဒီယာများနှင့် တယ်ရီကူက တွေ့ဆုံနေစဉ်
ဇွန် ၂၁ ရက်တွင်  နယူးတိုင်ပေမြို့၌ မီဒီယာများနှင့် တယ်ရီကူက တွေ့ဆုံနေစဉ်
Published 13 September 2019
Ref: AFP

ထိုင်ဝမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ် တယ်ရီကူသည် စက်တင်ဘာ ၁၂ ရက်က အတိုက်အခံပါတီမှ နုတ်ထွက်သွားခဲ့ပြီး ၎င်း၏နိုင်ငံရေးမိတ်ဖက်ဟောင်းများကို ပြစ်တင်ဝေဖန်ကာ လာမည့်သမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း စကားရိပ်သန်းခဲ့သည်။

ကမ္ဘာ့တစ်ဝန်း အီလက်ထရွန်နစ်ပစ္စည်း အများဆုံးတပ်ဆင်ထုတ်လုပ်သည့် Foxconn ကုမ္ပဏီကို တည်ထောင်ဦးစီးရာမှ ချမ်းသာကြွယ်ဝလာသော တယ်ရီကူသည် စက်တင်ဘာ ၁၂ ရက်တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သော ၄၉ နှစ်က ၎င်းစတင်ဝင်ရောက်ခဲ့သည့် ကူမင်တန်ပါတီ KMT သည် အကျင့်ပျက်လာခဲ့ပြီး ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနှင့် အာဏာရရှိရေးအတွက် မျှော်ကိုးသည့် မူဝါဒလမ်းစဉ်နောက်လိုက်သော ပါတီတစ်ခုဖြစ်လာခဲ့ကြောင်း Foxconn ဥက္ကဋ္ဌဟောင်း အသက် ၆၈ နှစ်အရွယ် တယ်ရီကူက ထိုထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။ ထို့ပြင် တယ်ရီကူက အာဏာရ ပြည်သူ့ဒီမိုကရက်တစ်ပါတီကိုလည်း ဝေဖန်ထိုးနှက်ခဲ့သည်။ “အမှန်တရားကတော့ အပြာရောင်ပါတီနဲ့ အစိမ်းရောင်ပါတီမှာ ဘယ်နိုင်ငံရေးပါတီကမှ ထိုင်ဝမ်လူထုရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ် ဘူးဆိုတာပါပဲ” ဟု တယ်ရီက ရေးသားခဲ့သည်။

တယ်ရီကူသည် KMT ပါတီကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲတွင် တောင်ပိုင်းခေါင်ရွန်းမြို့တော်ဝန်ဟန်ကူယွီကို ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟူသော ထင်ကြေးပေးမှုများ သီတင်းပတ်များစွာကြာ ထွက်ပေါ်ခဲ့သည်။

KMT ပါတီကိုယ်စားလှယ် ကူယွီသည် လူထုထောက်ခံမှုအခိုင်အမာရရှိထားသော်လည်း ၎င်း၏ မဲဆွယ်စည်းရုံးပွဲများသည် စကားပြောမှားမှုများစွာနှင့် ပုံပန်းမလှဖြစ်ခဲ့သလို လူထုထောက်ခံမှုပိုမိုရရှိနိုင်ရန် ရုန်းကန်ခဲ့ရသည်။ တယ်ရီသည် ထိုင်ဝမ်သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုသည့်ဆန္ဒကို ဖုံးကွယ်ခြင်းမရှိခဲ့သော်လည်း သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်၊ မပြိုင်မည်ဆိုသည်ကို စဉ်းစားဆုံးဖြတ်ရန် အချိန်များများရမည်မဟုတ်ပေ။ ထိုင်ဝမ်၏နည်းဥပဒေအရ တယ်ရီသည် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟူသော ထုတ်ပြန်ချက်ကို လာမည့် စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ ကြေညာရမည်ဖြစ်သည်။

လာမည့်နှစ် ဇန်နဝါရီလတွင် ထိုင်ဝမ်၌ သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။ သမ္မတဆန်အင်းဝမ်၏ ပြည်သူ့ဒီမိုကရက်တစ်ပါတီသည် တရုတ်တစ်နိုင်ငံမူဝါဒကို အသိအမှတ်ပြုရန် ငြင်းဆန်နေခြင်းကြောင့် ဆန်အင်းဝမ် ၂၀၁၆ ခုနှစ် ကတည်းက ကွန်မြူနစ်တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမှာ ယိုင်နဲ့လာခဲ့သည်။

 

 

Most Read

Most Recent