လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးရန် ၂၅ ရက်ခန့်သာ လိုချိန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၄၁၀၀ ကျော်သာဝင်ရောက်ထားပြီး လျာထားချက်ပြည့်မီရန် ဒေါ်လာ သန်း ၁၇၀၀ ခန့်လိုအပ်နေ

လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးရန် ၂၅ ရက်ခန့်သာ လိုချိန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၄၁၀၀ ကျော်သာဝင်ရောက်ထားပြီး လျာထားချက်ပြည့်မီရန် ဒေါ်လာ သန်း ၁၇၀၀ ခန့်လိုအပ်နေ
 သီလဝါဆိပ်ကမ်းတွင် PUMA Energy Asia Sun (P.E.A.S) ကုမ္ပဏီ၏ လောင်စာဆီသိုလှောင်စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ- PUMA)
သီလဝါဆိပ်ကမ်းတွင် PUMA Energy Asia Sun (P.E.A.S) ကုမ္ပဏီ၏ လောင်စာဆီသိုလှောင်စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ- PUMA)
Published 7 September 2019
နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကုန်ဆုံးရန် ၂၅ ရက်ခန့်သာ လိုတော့သည့်အချိန်အထိ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာသန်း ၄၁၀၀ ကျော်သာ ဝင်ရောက်ထားပြီး လျာထားချက်ပြည့်မီရန် ဒေါ်လာ သန်း ၁၇၀၀ ခန့်လိုအပ်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၅ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၅၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅၅၀ ဒသမ ၇၇၃ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃၈၇၆ ဒသမ ၃၅၂ သန်းဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ စက်တင်ဘာ ၅ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၂၃ ဒသမ ၆၈၀ သန်းဖြစ်သည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၅ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၁၀၀ ဒသမ ၀၃၂ သန်းဖြစ်ကြောင်း  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၅၈၀၀ အထိဝင်ရောက် ရန်ရည်မှန်းထားသည်။ သို့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် ၂၅ ရက်ခန့်သာ လိုတော့သည့်အချိန်တွင် ဒေါ်လာသန်း ၄၁၀၀  ကျော်သာ ဝင်ရောက်ထားသေးသဖြင့် လျာထား ချက်ပြည့်မီရန် ဒေါ်လာ သန်း ၁၇၀၀ ခန့်လိုအပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀ -၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ်(၂၀၂၁-၂၀၂၂ခုနှစ်မှ -၂၀၂၅-၂၀၂၆အထိ)၊ ကာလရှည်၁ဝနှစ်(၂၀၂၆-၂၀၂ရခုနှစ်မှ ၂၀၃၅-၂၀၃၆အထိ) အသီးသီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် ကာလရှည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ရေးဆွဲခဲ့ပြီး ၂၀၁၄ခုနှစ် မှစတင်၍ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည်။

အဆိုပါကာလရှည်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ပြောင်းလဲလာသည့် အစိုးရ၏မူဝါဒအခြေအနေများနှင့် ကိုက်ညီစေရန်နှင့် လိုက်လျောညီထွေမှုရှိစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအဖြစ် MIC နှင့် JICA တို့ပူးပေါင်းကာ အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ထပ်မံပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ် Base Case အပေါ် အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ Investment Target များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိတွင် နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါးနှစ်ဖြစ်သည့် ၂၀၂၁ -၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆- ၂၀၂ရခုနှစ်မှ ၂၀၃၀ -၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊ ၂၀၃၁-၂၀၃၁ခုနှစ်မှ ၂၀၃၅ -၂၀၃၆ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ဘီလျံအထိအသီးသီးရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည်။