ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး မြို့တွင် စက်တင်ဘာ ၃ ရက် ည ၈ နာရီ ၃၅ မိနစ်က လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ နယ်မြေရဲစခန်းကို အမည်မသိ လက်နက်ကိုင် လေးဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သူများမှာ လားရှိုးမြို့ နယ်မြေရဲစခန်း အနောက်တောင်ဘက် ကိုက် ၂၀ ခန့်အကွာမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရဲစခန်းက ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ပြီး ငါးမိနစ်ခန့်အကြာ ရဲစခန်း အနောက်ဘက်ထောင့် လမ်းပေါ်မှ လက်နက်ငယ်ဖြင့် တစ်ချက်ပြန်လည် ပစ်ခတ်သဖြင့် ရဲစခန်းက M-22 ဖြင့် ၁၀ ချက် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“သူတို့က ရဲစခန်း အနောက်ဘက်လမ်းကြား ရဲစခန်းထဲက လူပျိုဆောင်ဘက်ကနေ လာပစ်တာပါ။ ပစ်ခတ်မှုကြောင့် လူထိခိုက်မှု မရှိပါဘူး။ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာ စိစစ်ဆဲပါ။ ဝန်ထမ်းလိုင်းခန်းကိုတော့ တစ်ချက်ထိမှန်မှု ရှိပါတယ်” ဟု လားရှိုးမြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“မနေ့ညက သေနတ်ပစ်ခတ်သံတွေ ကြားရတယ်။ တစ်မြို့လုံး လန့်ကုန်တာပဲ။ ဘယ်ကလဲ။ ဘယ်နေရာကလဲ လိုင်းပေါ်မှာလည်း စုံနေတာပဲ။ အခြေအနေက သတင်းတွေအမျိုးမျိုး ကြားနေရတာဆိုတော့ လူတွေက ကြောက်နေကြတာပေါ့။ ပစ်ခတ်သံတွေကလည်း အိမ်နဲ့နီးနေတော့ ပိုပြီးကြားနေရတယ်။ ညပိုင်း မြို့ထဲမှာလည်း လူတွေကို တိတ်ဆိတ်သွားတာပဲ။ ရဲစခန်းကို အရပ်ဝတ်တွေနဲ့ လူတွေက လာပစ်တယ်လို့တော့ ကြားတယ်” ဟု လားရှိုးမြို့နယ်မြေရဲစခန်း အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ထို့အတူ စက်တင်ဘာ ၃ ရက် ညပိုင်း ၉ နာရီကျော်ကလည်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီကားကြီးဝင်း အနောက်ဘက်ခြမ်း၌ နေထိုင်သူ ဆရာမောင် ဆိုသူအား အမည်မသိ လူနှစ်ဦးက ၉ မမ ပစ္စတိုသေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဆရာမောင်ဆိုသူနှင့် မောင်ကောင်းမြတ်ထွန်းတို့ နှစ်ဦးသည် နေအိမ်ဝင်းအတွင်း စကားပြောနေစဉ် ၎င်းနေအိမ်အပြင်ဘက်မှ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားနှစ်ဦးက မင်္ဂလာ မူဆယ်ဘက်သွားရမည့်လမ်းကို မေးမြန်းရာ ၎င်းကပြန်လည်ဖြေကြားစဉ် လာရောက်မေးမြန်းသူက သေနတ်ဖြင့် ထိုးချိန်လိုက်သည်ကို တွေ့မြင်သဖြင့် နေအိမ်အတွင်းသို့ ဝင်ပြေးခဲ့ရကြောင်း သိရသည်။
ဆရာမောင်ဆိုသူက နေအိမ်အတွင်းသို့ ဝင်ပြေးစဉ် ပစ်ခတ်သူက သေနတ်ဖြင့် ငါးချက်ပစ်ခတ်သဖြင့် ၎င်း၏ခြေမဝဲဘက် ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရသည်။















