လမ်းပတ်လက်ထက် ပရီးမီးယားလိဂ်ပထမဆုံးနိုင်ပွဲယူခဲ့တဲ့ ချယ်လ်ဆီး

လမ်းပတ်လက်ထက် ပရီးမီးယားလိဂ်ပထမဆုံးနိုင်ပွဲယူခဲ့တဲ့ ချယ်လ်ဆီး
Photos: PA, AFP/Getty Images
Photos: PA, AFP/Getty Images
Published 24 August 2019

■ နောဝစ်ချ် ၂-၃ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ပွဲစဉ် (၃)စနေညရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ နောဝစ်ချ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

နည်းပြသစ်လမ်းပတ်လက်ထက် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် (၂)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ချယ်လ်ဆီးအတွက် အရေးပါတဲ့နိုင်ပွဲဖြစ်ခဲ့သလို၊ လမ်းပတ်အတွက်လည်း နည်းပြဘဝမှာ ပထမဆုံးသော ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ပွဲ (၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့လို့ ဖိအားများနေတဲ့ လမ်းပတ် အဝေးကွင်းမှာ နိုင်ပွဲရဖို့အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး အေဘရာဟမ်၊ မေဆန်မောင့်၊ ပူလီဆစ်၊ ကိုဗာချစ်၊ ဘာကလေ၊ ဂျော်ဂျင်ဟိုတို့နဲ့ လူစုံထုတ်ခဲ့တာပါ။

ဒါပေမဲ့ ကွန်တေမပါနိုင်တဲ့ ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်ပိုင်းကတော့ လိုအပ်ချက်တွေရှိခဲ့ပြီး၊ လမ်းပတ်အတွက်ကျေနပ်စရာက သူယုံကြည်တဲ့လူငယ်ကစားသမားတွေအကောင်းဆုံး စွမ်းဆောင်ရည်ကိုပြနိုင်ခဲ့တာပါပဲ။

ပြီးခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အနိုင်ရထားတဲ့ နောဝစ်ချ်တို့ ဒီပွဲမှာလည်း အမှတ်ရဖို့ကြိုးစားခဲ့ပြီး ချယ်လ်ဆီးအသင်းကို တန်ပြန်တိုက်စစ်တွေကနေ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက အကြိတ်အနယ်ရှိတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံးဂိုးတွေ အပြန်အလှန်သွင်းခဲ့ကြတာပါ။

ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းမှာ လူငယ်တွေတွဲဖက်ညီညီခြေစွမ်းပြနိုင်ခဲ့ပေမယ့်၊ ဇူးမားနဲ့ ခရစ္စတန်ဆန်တို့ရဲ့ ခံစစ်ပိုင်းကတော့ ဂိုးတွေလွယ်လွယ်ကူကူခွင့်ပြုခဲ့ပြီး တွဲဖက်မမိခဲ့တာက စိတ်ပျက်စရာပါပဲ။

ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို ပွဲချိန် (၃)မိနစ်မှာ အေဘရာဟမ်နဲ့ (၁၇)မိနစ်မှာ မေဆန်မောင့်တို့ကသွင်းယူပေးခဲ့ပါတယ်။ 

ဒါဟာ ချယ်လ်ဆီးအသင်းအတွက်တော့ ၁၉၉၂၊ သြဂုတ်လနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသက်(၂၁)နှစ်အောက် အင်္ဂလန်ကစားသမား (၂)ဦးတစ်ပွဲအတွင်းမှာ ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်တာလည်း ဖြစ်ခဲ့ပါတယ်။

နောဝစ်ချ်အတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် (၆)မိနစ်မှာ ကန့်ဝဲလ်နဲ့ မိနစ် (၃၀)မှာ ပွတ်ကီတို့ကသွင်းယူခဲ့တာပါ။

ပထမပိုင်းမှာတော့ (၂-၂)ဂိုးနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးအနိုင်ဂိုးအတွက် ကြိုးပမ်းခဲ့လို့ ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၆၈)မိနစ်မှာ ကိုဗာချစ်ရဲ့ပေးပို့မှုကနေ အေဘရာဟမ်က နောဝစ်ချ်ခံစစ်ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကန်သွင်းယူခဲ့တာပါ။

လက်ကျန်မိနစ်မှာတော့ နောဝစ်ချ်အသင်း ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက ပွဲကိုအကောင်းဆုံးထိန်းချုပ်ကာ ဒီရာသီပရီးမီးယားလိဂ်ရဲ့ ပထမဆုံးနိုင်ပွဲကိုရယူသွားနိုင်ခဲ့ပါတယ်။

နည်းပြလမ်းပတ်အတွက်ကတော့ နိုင်ပွဲနဲ့အတူ လူငယ်ကစားသမားတွေခြေစွမ်းပြ ဂိုးတွေသွင်းနိုင်ခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။

Most Read

Most Recent