ထိုင်းအစိုးရက စီးပွားရေး တွန်းအားပေးရန် ဒေါ်လာ ၁၀ ဘီလျံကျော် သုံးစွဲမည်

ထိုင်းအစိုးရက စီးပွားရေး တွန်းအားပေးရန် ဒေါ်လာ ၁၀ ဘီလျံကျော် သုံးစွဲမည်
Published 17 August 2019
Ref: AFP

စစ်အစိုးရက ငါးနှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် စီးပွားရေးတိုးတက်မှုကျဆင်းခဲ့ခြင်းကို အားသစ်ပြန်လောင်းရန် ထိုင်းအစိုးရသစ်က ကြိုးပမ်းနေစဉ် စီးပွားရေးထဲသို့ ဒေါ် လာ ၁၀ ဘီလျံကျော် ထည့်ဝင်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တစ်ချိန်က အားကောင်းခဲ့သော အရှေ့တောင်အာရှနိုင်ငံ ထိုင်း၏ စီးပွားရေးသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် တဖြည်းဖြည်းကျဆင်းသွားခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်အတွင်း တိုးတက်မှုသည် ၂.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ ၂၀၁၅ ခုနှစ် နှစ်လယ်နောက်ပိုင်း သုံးရာခိုင်နှုန်းအောက်သို့ ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်များသည် ပြီးခဲ့သောမတ်တွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး အရပ်ဘက်အုပ်ချုပ်ရေးသို့ ကူးပြောင်းခဲ့သော်လည်း အမေရိကန် -တရုတ် ကုန်သွယ်ရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေး ကျဆင်းနေချိန်တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ဖော်ဆောင်ရန်နှင့် အလုပ်အကိုင်များ ဖန်တီးပေးရန်အတွက် ဖိအားများ ကြုံတွေ့ခဲ့ရသည်။

ထိုင်းငွေကြေးတန်ဖိုး တစ်ရှိန်ထိုးတိုးတက်မှုကလည်း ပို့ကုန်နှင့် ခရီးသွားလုပ်ငန်းများအတွက် ယှဉ်ပြိုင်နေမှုတွင် ဖိစီးစေခဲ့ပြီး ပြန်လည်နာလန်ထူနိုင်မှုကို အဟန့်အတား ဖြစ်စေခဲ့သည်။

ခန့်မှန်းခြေဘတ် ၃၁၆ ဘီလျံ (ဒေါ်လာ ၁၀.၂ ဘီလျံ ) ထည့်ဝင်မည့်အစီအစဉ်သည်  အရေးပေါ်စီးပွားရေး တွန်းအားပေးအစီအစဉ်များအတွက် သုံးစွဲသွားမည်ဖြစ်ပြီး ထိုအဆိုပြုချက်သည် နောက်ဆုံးအတည်ပြု ချက်လည်း လိုအပ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုအစီအစဉ်များမှတစ်ဆင့် ထိုင်းစီးပွားရေးသည် ဂျီဒီပီတိုးတက်မှုကို သုံးရာခိုင်နှုန်းအထိ တိုးတက်လာစေရန် မျှော်လင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုထည့်ဝင်မည့် ငွေကြေးများတွင် မိုး ခေါင်မှုဒဏ်ခံစားနေရသော လယ်သမား ၉၀၀၀၀၀ ကျော်အတွက် အကူအညီပေးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်၍ ကုန်ကျမှုများအတွက် ထောက်ပံ့ပေးခြင်း၊ အသေးစား လုပ်ငန်းများအတွက် ချေးငွေထုတ်ပေးခြင်း၊ အစိုးရ၏ လူမှုဖူလုံရေးကတ် စိုက်ထုတ်ပေးမှုများအား တိုးမြှင့်ပေးခြင်းတို့ ပါဝင်သည်။

ခရီးသွားလုပ်ငန်းသည် ထိုင်းအတွက်  အရေးပါနေဆဲဖြစ်ပြီး နိုင်ငံစီးပွားရေး၏ ငါးပုံတစ်ပုံကို ကိုယ်စားပြုသည်။ တရုတ်နှင့် အိန္ဒိယခရီးသွားများအား ဗီဇာကင်းလွတ်ခွင့်ပေးရန်လည်း ထိုကူညီမည့်အစီအစဉ်တွင် အဆိုပြုထားသည်။

စစ်အာဏာသိမ်း အစိုးရခေါင်းဆောင်အဖြစ်မှ အရပ်သားအစိုးရခေါင်းဆောင်ဖြစ်လာသည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် အကူအညီ အထောက်အပံ့များအတွက် တရုတ်ကို အလွန်အကျွံမှီခိုနေကြောင်း  ဝေဖန်သူများက ပြောကြားခဲ့ကြသည်။ နိုင်ငံအရှေ့ပိုင်း၏ ပင်လယ်ကမ်းခြေပိုင်း ပြည်နယ်သုံးခုကို ဖြတ်သန်းမည့် ဒေါ်လာ  ၄၅ ဘီလျံတန်ဖိုးရှိ အရှေ့ပိုင်းစီးပွားရေးစင်္ကြံ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို တရုတ် ထံမှရရှိရန် ပရာယွတ်က မျက်နှာချိုသွေး နေသည်။