မလေးရှားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်နေကြောင်း အပါအဝင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ပြောဆိုခဲ့မှုများအပေါ် မြန်မာအစိုးရက မလေးရှားနိုင်ငံ သံအမတ်ကြီးအား ခေါ်ယူကန့်ကွက်

မလေးရှားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်နေကြောင်း အပါအဝင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ပြောဆိုခဲ့မှုများအပေါ် မြန်မာအစိုးရက မလေးရှားနိုင်ငံ သံအမတ်ကြီးအား ခေါ်ယူကန့်ကွက်
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးတို့ တွေ့ဆုံနေစဉ် (Photo: MOFA)
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးတို့ တွေ့ဆုံနေစဉ် (Photo: MOFA)
Published 1 August 2019
ကျော်ဇင်ဝင်း

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi Baharim အား ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မလေးရှားနိုင်ငံဝန်ကြီးချုပ်၏ မကြာသေးမီက သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား နိုင်ငံသား ပေးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ပေးသင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့မှုအပေါ် ကန့်ကွက် ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက အထက်ပါ ပြောကြားချက်များသည် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသိုက်အဝန်းများအကြား သဟဇာတ ဖြစ်မှုအတွက် ရေရှည် တည်တံ့မည့် အဖြေရရှိရန် မြန်မာအစိုးရနှင့် အာဆီယံတို့ ပူးပေါင်း ဆောင်ရွက်နေမှုများကို အထောက်အကူ မပြုကြောင်း၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို လေးစားလိုက်နာရန် ဟူသော အာဆီယံ၏ မူဝါဒများကိုလည်း သွေဖည်ရာ ရောက်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပွားနေသည်ဟူသော တစ်ဖက်သတ် စွပ်စွဲပြောကြားမှုများမှာ အပြုသဘော မဆောင်သည့်အပြင် အာဆီယံပဋိညာဉ်ပါ မူဝါဒများကိုလည်း ချိုးဖောက်ရာ ရောက်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်း ကန့်ကွက် ပြောကြားခဲ့ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြပါရှိသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဇူလိုင် ၃၁ ရက်တွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၏ ပြောကြားချက်နှင့် ပတ်သက်၍ သဘောထားကြေညာချက် ထုတ်ပြန်ရာတွင် မလေးရှားဝန်ကြီးချုပ်၏ ပြောကြားချက်သည် နိုင်ငံတကာ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို ချိုးဖောက်လျက် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို တိုက်ရိုက် စွက်ဖက်ခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင် ပေါ်ပေါက်ခဲ့သော တစ်ဖက်သတ် စွပ်စွဲချက်များကို ရည်ညွှန်းကိုးကား၍ စွပ်စွဲပြောကြားခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ လိုက်နာရမည့် ကျင့်ဝတ်များကို ဖောက်ဖျက်ရာ ရောက်ခြင်းတို့ကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ၍ ယင်းပြောကြားချက်များကို ပြတ်ပြတ်သားသား ပယ်ချကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တိုက်ရိုက်သော် လည်ေးကာင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း၊ ထိပါး စွက်ဖက်ရာ ရောက်သည့် မည်သည့် လုပ်ရပ်ကိုမျှ လက်ခံမည် မဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲ၍ ကာကွယ်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကို ထိပါးနှောင့်ယှက်ရာ ရောက်သည့် စွက်ဖက်ပြောဆိုပြုမူမှုများအား နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြတ်ပြတ်သားသား ကန့်ကွက် ရှုတ်ချသွားရန် တိုက်တွန်းကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent