ဒါရိုက်တာထူးပိုင်ဇော်ဦးနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာထူးပိုင်ဇော်ဦးနှင့် တွေ့ဆုံခြင်း
Published 23 July 2019
လင်းလင်းခိုင်

ပထမဆုံးရုံတင်ဇာတ်ကား ‘ည’တွင် လူငယ်မျက်နှာသစ်များကိုသာ အသုံးပြုဖန်တီးခဲ့ပြီး တွေ့မြင်ရလေ့နည်းပါးသည့် ဇာတ်ကားပုံစံဖြင့် ပရိသတ်အားပေးလက်ခံမှုရယူနိုင်ခဲ့သူ ဒါရိုက်တာထူးပိုင်ဇော်ဦး၏ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကား ‘သူစိမ်းအိမ်’ မှာ သြဂုတ် ၁ ရက်တွင် ရုံတင်ပြသတော့မည်ဖြစ်သည်။ ထိတ်လန့်သည်းဖိုရသများဖြင့် ပုံဖော်ထားသည့် သူစိမ်းအိမ် ဇာတ်ကားမှာ နမူနာဗီဒီယိုဖိုင်ကိုကြည့်ရှုပြီးသူတိုင်းက စိတ်ပါဝင်စားလျက်ရှိကာ ၀ါရင့်အနုပညာရှင်များနှင့် လူငယ်မျက်နှာသစ်များ တွဲဖက်ပုံဖော်ထားသည့် ဇာတ်ကားလည်းဖြစ်သည်။ ဒါရိုက်တာထူးပိုင်ဇော်ဦးနှင့်တွေ့ဆုံ၍ သူစိမ်းအိမ်ဇာတ်ကားအတွက် ပြင်ဆင်ခဲ့ရမှုများ၊ ဇာတ်ကားတွင်ပါဝင်သည့် အနုပညာရှင်များနှင့် ညှိနှိုင်းပုံဖော်ခဲ့သည်များ၊ ပရိသတ်များအပေါ် ပေးလိုသည့်ရသတို့ကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး- သူစိမ်းအိမ်ဇာတ်ကားကို ရှေ့မှာတင်ခဲ့တဲ့ ‘ည’ ဇာတ်ကားထက်ကိုပိုပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြတယ်။ အဲဒီအပေါ်မှာ ဖန်တီးသူတစ်ယောက်ရဲ့ခံစားချက်ကို ပြောပြပေးပါဦး။

ဖြေ- အဓိကတော့ ပထမဇာတ်ကားနဲ့မတူဘူးပေါ့။ ပထမကားတုန်းက ဒါရိုက်တာအသစ်လည်းဖြစ်တော့ ကျွန်တော့်ဆီကနေ ဘယ်လိုအနုပညာကို မျှော်လင့်ရမလဲဆိုတာကို မသိသေးဘူး။ သူတို့မသိသေးတဲ့ ဒါရိုက်တာဖြစ်တဲ့အတွက်လေ။ ည ဇာတ်ကားရုံတင်ပြီးသွားတဲ့အခါ ကျွန်တော့်ဇာတ်ကားကို အားပေးတဲ့၊ ကျွန်တော့်အနုပညာကို အသိအမှတ်ပြုတဲ့ ပရိသတ်တွေက ပေါ်လာပြီပေါ့။ အဲဒီသူတွေရဲ့ ယုံကြည်မှုတစ်ခု ရှိသွားပြီဆိုတဲ့အခါ အဲဒီယုံကြည်မှုမပျက်သွားအောင်၊ ပိုပြီးယုံကြည်လာအောင် ဒုတိယဇာတ်ကားမှာ ပိုကြိုး စားထားတယ်။ ကျွန်တော့်ကိုမသိသေးတဲ့၊ ညကိုမကြည့်ဖူးသေးတဲ့ ပရိသတ်တွေရဲ့ယုံ ကြည်မှုကို ထပ်ရအောင်လုပ်ရတဲ့အတွက် တာဝန်ယူမှု ပိုလာတာပေါ့။

မေး- သူစိမ်းအိမ်ဇာတ်ကားက ထိတ်လန့်ချောက်ချားမှုကိုပေးတဲ့ ဇာတ်ကားမျိုးပေါ့။ ၀ါရင့်အနုပညာရှင်တွေနဲ့ မျက်နှာသစ်အနုပညာရှင်တွေ Chemistry ကိုက်ကိုက် သရုပ်ဆောင်နိုင်အောင်ဘယ်လိုပြင်ဆင်ခဲ့ရလဲ။

ဖြေ- အသစ်တွေကတော့ မရိုက်ခင် ခြောက်လလောက်ကြိုပြီး ထရိန်နင်လုပ်ထားတယ်။ ပြီးတော့သရုပ်ဆောင်အဟောင်းတွေ၊ အသစ်တွေပေါင်းပြီးတော့ မရိုက်ကူးခင်မှာ တစ်ပတ် Script Reading တို့၊ ရီဟာဇယ်တို့ လုပ်ကြတယ်။ အဓိကတော့ Pre Production မှာ ဇာတ်ညွှန်းနဲ့သရုပ်ဆောင်တွေပိုပြီးတော့ ဇာတ်ကောင်စရိုက် ပိုဝင်စားမှုရှိအောင်ပြင်ဆင်တယ်။ ဒီဇာတ်ကားမှာ ညနဲ့မတူတာက အနုပညာသက်တမ်းနှစ် ၂၀ ကျော်လောက်ရှိကြသူတွေရယ်၊ တစ်ကားမှမရိုက်ဖူးသေးတဲ့ အသစ်လေးတွေရယ် ပါတယ်ဆိုတော့  အသစ်နဲ့အဟောင်းကိုပရိသတ်က သိသိသာသာ မြင်ကြတာမျိုးလည်း မဖြစ်စေချင်ဘူး။ မြန်မာရုပ်ရှင်ကိုမသိ သေးတဲ့ နိုင်ငံခြားကသူတွေကြည့်မယ်ဆိုရင်လည်း ဘယ်သူကအဟောင်း၊ ဘယ်သူကအသစ်ဆိုတာကို မသိနိုင်တာမျိုး ဖြစ်စေချင်တယ်။ သရုပ်ဆောင်တိုင်းက သူတို့ဇာတ်ကောင်ကိုအံဝင်ခွင်ကျဖြစ်ပြီး Chemistry ကိုက်ကိုက်သရုပ်ဆောင်တာမျိုးဖြစ်စေချင်တယ်။ အဲဒါကြောင့်လည်း ကြိုတင်ညှိနှိုင်းတာတွေ လုပ်တယ်။ သရုပ်ဆောင်တွေကို direction ပေးတဲ့အချိန်မှာလည်း တစ်ယောက်ချင်းစီကို သရုပ်ဆောင်အဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဇာတ်ကောင်စရိုက်ဝင်အောင်ပဲကြိုးစားတယ်။ ဇာတ်ညွှန်းထဲကဇာတ်ကောင်အတိုင်းပဲ သရုပ်ဆောင်တိုင်းက ဖြစ်သွားအောင်ကြိုးစားခိုင်းတယ်။

မေး- Horror အမျိုးအစားပုံစံဖြစ်သလို ထိတ်လန့်ချောက်ချားမှုရသလည်းဖြစ်တော့ ဒီဇာတ် ကားကြည့်မယ့်ပရိသတ်တွေအနေနဲ့ ဘယ်လိုရသမျိုးကို အဓိကရစေမလဲ။

ဖြေ-ဒီဇာတ်ကားကအဓိကတော့ Suspense Thriller ပိုကဲထားတဲ့ဇာတ်ပေါ့။ Horror လည်းပါတယ်။ ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားမှုရသကို အဓိကပေးချင်တယ်။ ဇာတ်လမ်း စပြင်ဆင်ကတည်းကလည်း လိုချင်တဲ့အနေအထားရအောင် လေးလတိတိပြင်ဆင်တယ်။ ဇာတ်ညွှန်းပိုင်းကိုလည်း ခမ်းမွန်ဆိုတဲ့ ညီမလေးကိုအပ်တဲ့အခါ လေးလကျော် ငါးလလောက် အချိန်ထပ်ယူတယ်။ အချိန်ယူပြီး လုပ်တဲ့အခါမှာလည်း အကြိမ်ကြိမ်ပြင်တယ်။ ဒီဇာတ်ကားကို ဆက်တိုက်စိတ်လှုပ်ရှားတာ၊ သည်းထိတ်ရင်ဖိုဖြစ်တာမျိုးတွေ ခံစားရစေချင် တယ်။ ည ဇာတ်ကားတုန်းကတော့ ဦးနှောက်ကိုအလုပ်ပေးတာပေါ့။ စဉ်းစားရတဲ့ဇာတ်လမ်းမျိုးပေါ့။ အခုသူစိမ်းအိမ်ကတော့ ရင်ဘတ်ကိုအလုပ်ပေးချင်တာ။ ရိုလာကိုစတာစီးနေတဲ့ Mood မျိုးလေးဖြစ်အောင် ပြင်ဆင်ထားပါတယ်။

မေး- ဒီဇာတ်ကားအပေါ်ကျေနပ်မှုနဲ့ ည ဇာတ်ကားတုန်းက ကျေနပ်မှုက ဘာကွာခြားလဲ။

ဖြေ- အဓိကတော့ တစ်ကားချင်းအပေါ် ကျေနပ်မှုကတော့မကွာခြားပါဘူး။ ညဆိုလည်း ရာနှုန်းပြည့်ကျေနပ်မှသာ ပရိသတ်တွေဆီပို့ခဲ့တာဖြစ်တယ်။ လုပ်နိုင်တဲ့ဘောင်အတွင်းမှာ ၁ဝဝရာခိုင်နှုန်းလုပ်ပြီး ကျေနပ်မှုရှိမှသာ ပရိသတ်တွေဆီပို့ပေးတာပေါ့။ တစ်ကားချင်းအပေါ်မှာ စိတ်ကျေနပ်မှုက တော့ရာနှုန်းပြည့်ရှိပါတယ်။ တစ်ကားထက် တစ်ကားကတော့ ပိုပြီးတိုးတက်တဲ့လမ်းကြောင်းကိုသွားရမှာပေါ့။ ပိုပြီးအားရမှုရှိအောင်ကြိုးစားပါတယ်။

မေး- ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေအပေါ် အားရကျေနပ်မှုဆိုရင်ရော။

ဖြေ- အဓိကတော့ ဒီဇာတ်ကောင်တွေ ရွေးချယ်ကတည်းကိုက ကျွန်တော်လိုချင်တဲ့ ဇာတ်ကောင်တွေ။ ၀ါရင့်သရုပ်ဆောင်လေးယောက်ပါတယ်။ သူတို့ လေးယောက်စလုံးက ကျွန်တော်ရွေးချယ်ချင်တဲ့ဇာတ်ရုပ်နဲ့ လိုက်ဖက်သူတွေချည်းပဲ။ အသစ်တွေဆိုရင်လည်း ဒီဇာတ်ရုပ်တွေနဲ့ အလိုက်ဖက်ဆုံးသူတွေဖြစ်တာကြောင့် တစ်ယောက်ချင်းစီရဲ့ ဇာတ်ရုပ်အပေါ်မှာ စိတ်ပါဝင်စားမှုကို ကျေနပ်တယ်။

မေး- သူစိမ်းအိမ်ဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်တွေကိုအကြိုပြောချင်တာများရှိမလား။

ဖြေ- သူစိမ်းအိမ်ဇာတ်ကားက သြဂုတ် ၁ ရက်မှာ ရုံတင်ပြသပါတော့မယ်။ အဲဒီအတွက်လည်း ပရိသတ် မျှော်လင့်ထားတာထက် ပိုကောင်းမွန်တဲ့ဇာတ်ကားတစ်ကားကို ကြည့်ခွင့်ရမယ်လို့ ကျွန်တော့်ဘက်က အာမခံပါတယ်။ ကျွန်တော့်အပေါ်ယုံကြည်ထားတဲ့ ပရိသတ်တွေကိုလည်း ပိုပြီးယုံကြည်မှု ခိုင်မာမယ်၊ ပရိသတ်အသစ်တွေအတွက်လည်း ယုံကြည်မှုအသစ်တွေရရှိစေမယ့် ဇာတ်ကားဖြစ်မှာပါ။                                                                 

Most Read

Most Recent