နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့နှင့် သီးခြားစီတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့နှင့် သီးခြားစီတွေ့ဆုံ
Published 22 June 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ သတင်းသွားရောက်ရယူနေသည့် Eleven Media အဖွဲ့မှ သတင်းတိုက်ရိုက်ပေးပို့သည်။

ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံံပုဂ္ဂိုလ်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ထိုင်းဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ တွေ့ဆုံမှုများမှာ မိနစ်အနည်းငယ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Eleven Media အဖွဲ့မှ သတင်းပေးပို့သည်။

ထို့ပြင် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံံပုဂ္ဂိုလ်အပါအဝင် ဒေသတွင်းခေါင်းဆောင်များ၏ မျက်နှာစုံညီအစည်းအဝေးကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်း သတင်းပေးပို့မှုများအရ သိရသည်။

အာဆီယံထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

၃၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများတွင် ဇွန် ၂၂ ရက် (ယနေ့)နှင့် ၂၃ ရက်များတွင် ခေါင်းဆောင်များ၏ အဓိကဆွေးနွေးပွဲများကို ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent