အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်သည့် သဘောမျိုး မရှိကြောင်းနှင့် ပြည်ပကျူးကျော်မှု ခံရပါက  အားလုံးနှင့်အတူ ခုခံကာကွယ်မည်ဟု " ဝ " အဖွဲ့ ထုတ်ပြန်

အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်သည့် သဘောမျိုး မရှိကြောင်းနှင့် ပြည်ပကျူးကျော်မှု ခံရပါက  အားလုံးနှင့်အတူ ခုခံကာကွယ်မည်ဟု " ဝ " အဖွဲ့ ထုတ်ပြန်
ဧပြီ ၁၇ ရက်က ကျင်းပသည့် " ဝ " ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် (၃၀) ပြည့်အခမ်းအနား ကျင်းပစဉ်
ဧပြီ ၁၇ ရက်က ကျင်းပသည့် " ဝ " ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် (၃၀) ပြည့်အခမ်းအနား ကျင်းပစဉ်
Published 6 June 2019

အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်သည့် သဘောမျိုး မရှိကြောင်းနှင့် ပြည်ပကျူးကျော်မှု ခံရပါက အားလုံးနှင့်အတူ ခုခံကာကွယ်မည်ဟု " ဝ " သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က ဇွန် ၆ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ဇွန် ၂ ရက်က  နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ တပ်မတော်၏ ပြည်သူအကျိုးပြု လုပ်ငန်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင်  " ဝ " အဖွဲ့၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက်  ဇွန်လ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် မိုင်းလားအဖွဲ့ (NDAA) နှစ် (၃၀) ပြည့် အခမ်းအနားသို့ တက်ရောက်မည်လားဟု မေးမြန်းခဲ့ရာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ''မိုင်းလား နှစ် ၃၀ ပြည့် ဆောင်ရွက်ဖို့ ရှိတယ်လို့ ကျွန်တော်တို့လည်း သိရပါတယ်။ သူတို့ ခေါင်းဆောင် ကိုယ်တိုင်ကလည်း ကျွန်တော်တို့ကို ဖိတ်မယ်လို့ သိထားပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ အနေနဲ့တော့ တက် မတက်ကတော့ သူတို့ရဲ့ ဆောင်ရွက်မှုအပေါ် မူတည်ပြီး ကျွန်တော်တို့ စဉ်းစားမှာ ဖြစ်ပါတယ်။ မကြာခင်က လုပ်ခဲ့တဲ့ '၀' ပေါ့။ သူတို့ရဲ့ စစ်ရေးပြ အခမ်းအနားမှာ လက်နက်ကိုင်ပြီးတော့ စစ်ရေးပြခဲ့တာ ရှိပါတယ်။ ဒါကြောင့်မို့ ဒီစစ်ရေးပြ အခမ်းအနားကို ကြည့်ခြင်းအားဖြင့် '၀' အနေနဲ့တော့ စင်ပြိုင်အစိုးရ သဘောမျိုး၊ စင်ပြိုင် တပ်မတော် သဘောမျိုး ဆောင်ရွက်တာလို့ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့်မို့ တပ်မတော်အနေနဲ့ ဒီအခမ်းအနားကို တက်ရောက်ခြင်း မရှိတာပါ။ နောက်တစ်ခုကတော့ ဒါသည် တပ်မတော်အနေနဲ့ အစွမ်းကုန် သည်းခံထားတဲ့ အနေအထားလို့ ဖြေကြားလိုပါတယ်" ပြောကြားသည်။

ထိုကဲ့သို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ပြောကြားချက်နှင့် ပတ်သက်ပြီး " ဝ " အဖွဲ့က ကြေညာချက်် ပြန်လည် ထုတ်ပြန်ခဲ့ရာတွင် တပ်မတော်၏ ဆီလျော်မှုမရှိသော ပြောဆိုမှုသည် ၎င်းတို့၏ အပိုင်းကဏ္ဍသာဖြစ်ပြီး မိမိတို့အနေဖြင့် ဝင်ရောက်စွက်ဖက်၍ မရကြောင်း၊ သို့သော်လည်း မိမိတို့ " ဝ " ပြည်နယ် အနေဖြင့် တပ်မတော်ကို ရန်သူသကဲ့သို့ သဘော မထားကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ရန်သူကဲ့သို့ သဘောမထားကြောင်း၊ တပ်မတော်နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို " ဝ " ပြည်နယ်က မိတ်ဆွေသကဲ့သို့ သဘောထားကြောင်း ဖော်ပြထားသည်။

" ဝ " ပြည်နယ် ဧပြီ ၁၇ ရက်နေ့ ပွဲတော်၏ ခေါင်းစဉ်မှာ " ဝ " ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် (၃၀) ပြည့် ဂုဏ်ပြုခြင်း ဖြစ်ကြောင်း၊ အစိုးရနှင့် တပ်မတော်ကို ယှဉ်ပြိုင်သည့် သဘောမျိုး မရှိကြောင်း၊ သမိုင်းစဉ်ဆက်အရ မြန်မာနို်င်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်များသည်  မိမိတို့၏ အရေးကြီးသည့် ပွဲတော်များကို ဂုဏ်ပြုရာတွင် အလားတူ စစ်ရေးပြ အခမ်းအနား ကျင်းပလေ့ရှိကြောင်း၊ မိမိတို့ " ဝ " ပြည်နယ် တစ်ခုတည်း မဟုတ်ကြောင်း၊ သို့ဖြစ်၍ အစိုးရ၊ တပ်မတော်နှင့် ပြင်ပများအနေဖြင့် အဆိုပါ ကိစ္စရပ်အပေါ် အတွေးမလွန်ရန် ပြောကြားလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုမှ မခွဲထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေး၊ " ဝ" ပြည်နယ်သည် ပြည်ထောင်စု၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ရေး ဆိုသည့် " ဝ " ပြည်နယ်၏ သဘောထား ရပ်တည်ချက်ကို ထပ်မံ ကြေညာအပ်ကြောင်း၊ ပြည်ထောင်စုသည် ပြည်ပရန်သူ ဝင်ရောက် ကျူးကျော်မှုကို ခံရသည့်အချိန်တွင် " ဝ " ပြည်နယ် သွေးစည်းညီညွတ်ရေး တပ်မတော်အနေဖြင့် ပြည်ထောင်စုအစိုးရ၊ တပ်မတော်နှင့် အခြား တိုင်းရင်းသားပေါင်းစုံတို့နှင့်အတူ ပြည်ထောင်စုနယ်မြေ တည်တံ့ခိုင်မြဲမှုအတွက် ခုခံ ကာကွယ်သွားမည် ဖြစ်ကြောင်း ၊ " ဝ " ပြည်နယ် သွေးစည်းညီညွတ်ရေး တပ်မတော်သည် ၂၀၀၁ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်တွင် တပ်မတော်နှင့်အတူ ပြည်ပရန်သူ ကျူးကျော်မှုကို လက်တွဲ ခုခံတိုက်ခဲ့သကဲ့သို့ နောက်နောင်တွင်လည်း ပြည်ပရန်သူ ဝင်ရောက် ကျူးကျော်မှုများနှင့် ကြုံတွေ့သည့်အခါတွင် ဤကဲ့သို့ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း " ဝ " အဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

Most Read

Most Recent