ဘောလုံးလောကသို့ မကြာခင်ပြန်လာမည်ဖြစ်သော်လည်း မန်နေဂျာအဖြစ်ဆောင်ရွက်မည်မဟုတ်ကြောင်း အာစင်ဝင်းဂါး ပြောကြား

ဘောလုံးလောကသို့ မကြာခင်ပြန်လာမည်ဖြစ်သော်လည်း မန်နေဂျာအဖြစ်ဆောင်ရွက်မည်မဟုတ်ကြောင်း အာစင်ဝင်းဂါး ပြောကြား
Published 25 May 2019

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက ဘောလုံးလောကသို့ မကြာခင်အချိန်အတွင်း ပြန်လာမည်ဖြစ်သော်လည်း မန်နေဂျာအဖြစ် ဆောင်ရွက်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

အာဆင်နယ်အသင်းအား ၁၉၉၆ မှ ၂၀၁၈ ခုနှစ်အထိ ၂၂ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့သည့် အာစင်ဝင်းဂါး (၆၉ နှစ်)သည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသည်။ 

၎င်းက ယခုနှစ်အစောပိုင်းတွင် အသင်းသစ်တစ်သင်းကို တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း လက်ရှိ အချိန်အထိ မည်သည့်အသင်းနှင့်မျှ သဘောတူညီမှုမရသေးကြောင်း သိရသည်။ 

သို့ဖြစ်ရာ ဗြိတိန်အခြေစိုက် ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံစဉ် အာစင်ဝင်းဂါးက ''အချိန်တိုအတွင်းမှာပဲ စီမံခန့်ခွဲမှုလောကထဲ ပြန်လာ ဖြစ်မယ်လို့ တွေးခဲ့မိတယ်။ ဒါပေမဲ့ အချိန်နည်းနည်းပိုယူခဲ့ပြီး အခုလောလောဆယ်မှာ အချိုးအကွေ့တစ်ခုကိုရောက်နေတယ်။ ကျွန်တော့်ကို ဘောလုံးမန်နေဂျာတစ်ယောက်အဖြစ် ထပ်တွေ့ရဦးမလားဆိုတာ မသေချာပါဘူး။ ကျွန်တော် ဒီနှစ်ထဲမှာ လူမှုရေးအလုပ် တွေ၊ ဆွေးနွေးပွဲတွေ တော်တော်လုပ်ဖြစ်ခဲ့တယ်။ ဒါက သိပ်ပြီး ထင်ထင်ရှားရှားမဖြစ်ပေမဲ့ ဖိအားတွေနည်းပြီး ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်ပါတယ်။ ပြင်းပြတဲ့ဆန္ဒလည်း ကျွန်တော့်ဆီမှာ နည်းလာတယ်။ ဒါပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာကြည့်ရတဲ့ အမြင် တွေက ပိုအားကောင်းလာတယ်။ မန်နေဂျာတွေရဲ့ ဆုံးဖြတ်ချက်အမှားတွေကို မြင်နေရပြီး အဲဒီအတွက် မပေးဆပ်ချင်တော့ဘူး။ ဒါတွေကို အဖြေထုတ်လိုက်တော့ ဘဝတစ်လျှောက်လုံး သင်ယူခဲ့တာတွေကို ပြန်ပြီးမျှ ဝေပေးချင်တယ်ဆိုတာ သိခဲ့ရတယ်။ ဒါက ကျွန်တော်ဆုံးဖြတ်ထားတဲ့အရာပါ''ဟု ပြောကြားသည်။

Most Read

Most Recent