ကွင်းလယ်ကစားသမား ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့၏ ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်

ကွင်းလယ်ကစားသမား ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့၏ ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်
Published 16 May 2019

ဒူးဒဏ်ရာကြောင့် အနားယူနေရသည့် မြန်မာ့လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ကျော်မင်းဦးနှင့် လူငယ်လက်ရွေးစင်

ကွင်းလယ်ကစားသမား ဇေယျာနိုင်တို့၏ဒဏ်ရာကို မေ ၁၄ ရက်က ထိုင်းနိုင်ငံ၌ ခွဲစိတ်ကုသမှု ပြုလုပ်ရာ အောင်မြင်ကြောင်း

သိရသည်။

ကျော်မင်းဦးသည် ဒူးဒဏ်ရာကြောင့် ၂၀၁၆ ခုနှစ်ကတည်းက အနားယူနေရသူဖြစ်ပြီး ဇေယျာနိုင်မှာမူ ဖေဖော်ဝါရီက ကျင်းပသည့်

အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။ 

"ကျော်မင်းဦးရော ဇေယျာနိုင်ပါ ခွဲစိတ်မှုအောင်မြင်ပါတယ်။ မေ ၁၄ ရက်က နှစ်ဦးစလုံး ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။ ကျော်မင်းဦးက

နှစ်ဖက်စလုံးခွဲစရာ မလိုဘဲ ဘယ်ဒူးပဲခွဲရတာပါ။ ဇေယျာနိုင်က ညာဘက်ဒူး ခွဲစိတ်ရတာဖြစ်ပါတယ်။ သူတို့ကို မေ ၂၅ ရက်အထိ

ထိုင်းနိုင်ငံမှာပဲ ဆက်လက်ကုသစေမှာဖြစ်ပြီး ပြီးမှ ရန်ကုန်ကို ပြန်လာမှာဖြစ်ပါတယ်။ ဘယ်လောက်နားရမလဲဆိုတာတော့

ဆရာဝန်တွေရဲ့ ထပ်မံစစ်ဆေးချက်တွေ အပေါ်မှာမူတည်ပါတယ်။ ဒဏ်ရာကို ပြန်လည်စစ်ဆေးပြီးမှ သိရမှာပါ"ဟု

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် နှစ်ဦးစလုံး ခြောက်လဝန်းကျင် အနားယူရဖွယ်ရှိနေပြီး  လာမည့်နှစ်မှသာ အစောဆုံး

ဘောလုံးပြန်ကစားနိုင်မည်ဖြစ်သည်။ ကျော်မင်းဦးသည် ဒူးနှစ်ဖက်စလုံး ဒဏ်ရာရခဲ့သောကြောင့် ကစားသမားဘဝမှ

အနားယူခဲ့သော်လည်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ညှိနှိုင်းမှုအရ ဘောလုံးပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး

ဒဏ်ရာပြန်ကောင်းစေရန် ခွဲစိတ်ကုသမှုခံယူခြင်းဖြစ်သည်။ 

ကျော်မင်းဦးသည် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာအသင်း၏ အဓိကကစားသမား

တစ်ဦးလည်းဖြစ်သည်။

Most Read

Most Recent