ဇက်ကာဘက် တည်ထောင်ခဲ့သော လူမှုကွန်ရက် Facebook သည် ယနေ့ ကမ္ဘာပေါ်တွင် အကျိုးနှင့်အပြစ် ဆန့်ကျင်ဘက် သက်ရောက်မှု နှစ်ခုကြောင့် ခေါင်းခဲစရာ ဖြစ်နေရသည်။ လူ့အသိုင်းအဝိုင်းများအကြား Facebook ကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးနိုင်မှုနှင့် ခြိမ်းခြောက်နေမှုများသည် တစ်စတစ်စ စိုးရိမ်စရာ ကောင်းနေသည်။ ဇက်ကာဘက် သည်ပင်လျှင် Facebook ၏ အားနည်းချက်နှင့် လူ့အသိုင်းအဝိုင်းများကြား ပဋိပက္ခ ဖြစ်စေနိုင်သော အကြောင်းအရာများအပေါ် ကန့်သတ် ထိန်းချုပ်ကာကွယ်နိုင်ရန် အခက်အခဲနှင့် ကြုံနေရပေသည်။ တချို့သော နိုင်ငံများတွင် Facebook ကဲ့သို့ လူမှုကွန်ရက် အသုံးပြုမှုကို ပိတ်ပင် တားမြစ်ထားသည်။ အချို့နိုင်ငံများ အနေဖြင့်လည်း လူ့အသိုက်အဝန်းကို ဒုက္ခပေးနိုင်သော ကိစ္စရပ်များကြောင့် Facebook ကဲ့သို့ လူမှုကွန်ရက်များကို တားမြစ်ရန် စိုင်းပြင်းနေကြသည်။
သီရိလင်္ကာတွင် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းနှင့် ဘာသာရေးဆိုင်ရာ ပဋိပက္ခများကြောင့် Facebook ၊ WhatsApp နှင့် အခြားလူမှုကွန်ရက်များကို မေ ၁၃ ရက်က ပိတ်ပင်ခဲ့သည်။ ဧပြီ ၂၁ ရက်တွင် အသေခံ ဗုံးခွဲသမားများ၏ လက်ချက်ကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရသည့် ခရစ်ယာန် ဘုရားကျောင်း သုံးခုနှင့် ဟိုတယ် သုံးခု တိုက်ခိုက်ခံရမှုများပြီးနောက် ခရစ်ယာန်အဖွဲ့များက မွတ်စလင်များ ပိုင်ဆိုင်သော ဆိုင်များကို တိုက်ခိုက်ခဲ့ရာ သီရိလင်္ကာတွင် ဘာသာရေး တင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည်။ မွတ်စလင် စျေးဆိုင်ပိုင်ရှင် တစ်ဦးက Facebook တွင် တင်သည့် ပို့စ်တစ်ခုအား ဒေါသထွက်ကြသော လူအုပ်ကြီးသည် သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းရှိ မြို့တစ်မြို့မှ စျေးဆိုင်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြန်သည်။ ထိုမှတစ်ဖန် အခြားမြို့များသို့ ပဋိပက္ခများ ပျံ့နှံ့ခဲ့သည်။ အာဏာပိုင်များ အနေဖြင့် ဘာသာရေး အဓိကရုဏ်းများပုံစံ ဖြစ်ပွားလာခြင်းကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည့်အပြင် လူမှုမီဒီယာများကိုပါ ပိတ်ပင်လိုက်ကြသည်။ “သိပ်ပြီး ရယ်မနေနဲ့။ တစ်နေ့ မင်းငိုရလိမ့်မယ်” ဟု မွတ်စလင် ဆိုင်ပိုင်ရှင်တစ်ဦး၏ Facebook တွင် ပို့စ်တင်ခဲ့မှုသည် ပဋိပက္ခများ၏ အစဖြစ်စေသည်ဟု သုံးသပ်မှုများ ရှိခဲ့ရာမှ အာဏာပိုင်များ အနေဖြင့် အဓိကရုဏ်းများ မကူးစက်ရန် လူမှုကွန်ရက်များအား ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။
ကမ္ဘာနှင့်တစ်ဝန်း Facebook အမြဲတစေ သုံးစွဲမှု လစဉ် နှစ်ဘီလျံခန့်အထိ ရှိလာသကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက် အမျိုးမျိုးကို အသုံးပြုသူနှုန်း တစ်ဟုန်ထိုး မြင့်မားလာသည်။ လူမှုကွန်ရက်သည် မြန်မာ့လူမှု အသိုက်အဝန်းတွင် လျင်မြန်စွာပျံ့နှံ့၍ သက်ရောက်မှု ကြီးစေသကဲ့သို့ အခြားဘက်တွင် ပြဿနာများစွာလည်း ရှိနေသည်။ အချို့မှာ ရည်ရွယ်ချက် အမျိုးမျိုးအတွက် လက်နက်တစ်ခုအသွင် အသုံးပြုလာခြင်းကြောင့် နောက်ဆက်တွဲ အန္တရာယ်များနှင့် ကြုံတွေ့ ရင်ဆိုင်ရပြန်သည်။ လူမှုကွန်ရက်များသည် မျက်မှောက်ခေတ်တွင် ဒီမိုကရေစီစနစ်ကိုပါ ခြိမ်းခြောက်မှု ပြုနိုင်သော အခြေအနေမျိုးအထိ အန္တရာယ်ရှိလာသည်ဟု သုံးသပ်ရှုမြင် လာကြသည်။ Facebook တာဝန်ရှိသူများပင်လျှင် လူမှုမီဒီယာ ပေါက်ကွဲမှုသည် ဒီမိုကရေစီအတွက် ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုဟု ဝန်ခံထားခဲ့သည်။ လူမှုကွန်ရက်သည် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်စေရန် အမုန်းစကားများ၊ သွေးထိုး လှုံ့ဆော်မှုများ အလျင်အမြန် ပျံ့နှံ့စေသော နေရာတစ်ခုအဖြစ် စောင့်ကြည့် သတိပြုခြင်း ခံနေရသည်။ လူမှုကွန်ရက်သည် လျင်မြန်သောနှုန်းဖြင့် သတင်းများကို လူထုထံ အရောက်ပေးပို့နိုင်သော်လည်း အခြားတစ်ဖက်တွင် သတင်းမှားများ၊ သတင်းလိမ်များအတွက် အကန့်အသတ် အတားအဆီးများ ရှိမနေခြင်းက ပြဿနာကြီး တစ်ရပ်ပင် ဖြစ်သည်။ ဂုဏ်သိက္ခာရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသော၊ Mainstream မီဒီယာများသည်လည်း လူမှုကွန်ရက်တို့၏ သက်ရောက်မှုကြောင့် ရပ်တည်နိုင်ရန် ခက်ခဲလာကြရသည်။
ဒစ်ဂျစ်တယ် နည်းပညာသည် ခေတ်သစ် ကမ္ဘာကြီးကို လျင်လျင်မြန်မြန် တိုးတက် ပြောင်းလဲလာစေသည်မှာ မှန်သော်လည်း လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်များလည်း ပို၍ ထင်ရှားစွာ တိုးမြှင့်လာစေသည်။ အကျိုးရှိသကဲ့သို့ နောက်ဆက်တွဲ အပြစ်နှင့် အန္တရာယ်များလည်း ရှိနေပြန်သည်။ ယင်းတို့ကို မည်သို့ တားဆီး ကာကွယ်နိုင်မည်နည်း။ လူ့အသိုက်အဝန်းအတွက် ထိန်းချုပ် တည့်မတ်နိုင်မည်နည်း။ စသည်တို့ကို သက်ဆိုင်ရာ အာဏာပိုင်များ က သတိပြု ဆောင်ရွက်ပေးနိုင်ရန် အရေးကြီးမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
မေ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်