လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အက်သလက်တီကိုမက်ဒရစ်အသင်းမှထွက်ခွာမည်ဟု ဂရီးဇ်မန်း အတည်ပြု

လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အက်သလက်တီကိုမက်ဒရစ်အသင်းမှထွက်ခွာမည်ဟု ဂရီးဇ်မန်း အတည်ပြု
Photos: Atletico Madrid/Twitter & AFP/Getty Images
Photos: Atletico Madrid/Twitter & AFP/Getty Images
Published 15 May 2019

အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း အသင်း၏ Twitter တွင် ဗီဒီယိုဖိုင်တင်ကာ ပြောကြားခဲ့သည်။ 

အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း အသင်း၏ Twitter တွင် ဗီဒီယိုဖိုင်တင်ကာ ပြောကြားခဲ့သည်။ 

အသက် (၂၈) အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် အက်သလက်တီကိုအသင်းတွင် (၅) ရာသီကစားပြီးနောက် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လာမည့်စနေနေ့တွင် ကစားမည့် လီဗန်တေးနှင့် လာလီဂါပွဲစဉ်မှာ ၎င်းအတွက် အက်သလက်တီကိုအသင်းတွင် ကစားသည့် နောက်ဆုံးပွဲစဉ်ဖြစ်လာမည် ဖြစ်သည်။

အက်သလက်တီကိုအသင်း၏ Twitter တွင် တင်ထားသည့် ဗီဒီယိုဖိုင်၌ ဂရီးဇ်မန်းက "ဆီမြွန်နီ (နည်းပြ)၊ မီဂွယ်လ်အိန်ဂျယ် (အမှုဆောင်ချုပ်) ဆွေးနွေးပြီးနောက်မှာတော့ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျွန်တော် ပြောစရာရှိပါတယ်။ အသင်းနဲ့အတူ အလွန်ကောင်းမွန်တဲ့ (၅)နှစ်တာကာလကို ကျွန်တော် ဖြတ်သန်းခဲ့ပါတယ်။ အားလုံးအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ အသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုဆုံးဖြတ်ရတာ တကယ်ကို ခက်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် လိုအပ်တယ်လို့ ထင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ။ အက်သလက်တီကိုအသင်းမှာ ကစားခဲ့တဲ့ (၅) နှစ်တာကာလအတွင်း အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဂရီးဇ်မန်းသည် အက်သလက်တီကိုအသင်းတွင် (၅) ရာသီအတွင်း ပြိုင်ပွဲစုံ (၂၅၂) ကစားကာ (၁၃၃) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။ 

ဂရီးဇ်မန်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကမှ အက်သလက်တီကိုအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်။ အက်သလက်တီကိုအသင်းသည် ယင်းစာချုပ်တွင် ဂရီးဇ်မန်းကို ခေါ်ယူလိုပါက လျော်ကြေး ယူရိုသန်း (၂၀၀) ပေးရမည့်ဆိုသည့် အချက်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့သည်။

သို့သော် ယင်းလျော်ကြေးစာချုပ်မှာ လာမည့် ဇူလိုင်လ (၁) ရက်တွင် ယူရိုသန်း (၁၂၀) သို့ လျော့ချသွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

ဂရီးဇ်မန်းအနေဖြင့် အက်သလက်တီကိုအသင်းမှ ထွက်ခွာမည်ဟုသာ အတည်ပြုခဲ့ပြီး ပြောင်းရွှေ့မည့်အသင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ဘာစီလိုနာအသင်းက ၎င်းကို စာချုပ်ပါလျော်ကြေးအတိုင်း ပေးချေကာ ခေါ်ယူမည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent