လူတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အမူအကျင့်များကို လမ်းညွှန်ရန် ယုံကြည်မှုနှင့် စံတန်ဖိုးဟူသည့် သဘောတရား နှစ်ရပ်စလုံးကို အသုံးပြုကြသည်။ ယုံကြည်မှု နှင့် စံတန်ဖိုးတို့ မတူညီခြင်းက ကွဲပြား ခြားနားသော သဘောထားများကို ဖြစ်ပေါ်စေသည်။ ယုံကြည်မှုနှင့် စံတန်ဖိုးတို့သည် အဓိပ္ပာယ်အရ တူညီခြင်း မရှိပေ။ ပညာရှင်အမျိုးမျိုးတို့၏ ထင်မြင်ချက်များအရ မျက်မြင်ဒိဋ္ဌ သက်သေပြချက် သို့မဟုတ် အထောက်အထား ပါလေ့မရှိဘဲ အမှန်တရားဟု ယေဘုယျ သဘောအရ လက်ခံထားမှုကို ယုံကြည်မှုဟု ခေါ်ဆိုကြောင်း သိရသည်။ ယုံကြည်မှုသည် အမြဲတမ်း မဟုတ်သည့်တိုင် ဘာသာရေးနှင့် ဆက်နွှယ်၍ နေတတ်သည်။ လောကနှင့် ပတ်သက်၍ လူတို့အနေဖြင့် အခြေခံအရ မှတ်ယူထားမှုများသည် ယုံကြည်မှုဖြစ်ပြီး ယင်းယုံကြည်မှုတို့မှနေ၍ စံတန်ဖိုးများ ထွက်ပေါ်လာသည်။ စံတန်ဖိုးဟူသည် အရေးကြီးသည့် အရာများဟု လူတို့ မှတ်ယူထားသည်များဖြစ်ပြီး တန်းတူညီမျှမှု၊ ရိုးသားမှု၊ အသိပညာ၊ ဝီရိယ၊ သစ္စာရှိမှု၊ မိမိ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမှုနှင့် အခြားသော သဘောတရားများ ပါဝင်နိုင်သည်။
ယုံကြည်မှုများသည် မြင်ရ၊ ကြားရ၊ တွေ့ကြုံရ၊ ဖတ်ရ၊ တွေးမိသည်တို့မှ ထွက်ပေါ် ကြီးထွားလာခြင်း ဖြစ်သည်။ ယင်းအရာများမှနေ၍ လူတို့သည် အမှန်တရားအဖြစ် ဆုပ်ကိုင်လိုက်သော ထင်မြင်ချက်တစ်ရပ် ဖွံ့ဖြိုးလာပြီး ယုံကြည်နေချိန် တစ်လျှောက်လုံး ယင်းထင်မြင်ချက်ကို မပြောင်းလဲနိုင်ပေ။ လူတို့သည် ယုံကြည်မှုများမှနေ၍ စံတန်ဖိုးများ ဆင်းသက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အထောက်အထားများနှင့် နှိုင်းယှဉ်သည့်အခါ မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ ဆုပ်ကိုင်ပြီးသား ယုံကြည်မှုများကို လွှတ်ချရန် ခက်ခဲတတ်သည်။ ယုံကြည်မှုသည် မိမိကိုယ်တိုင်နှင့် မိမိဝန်းကျင်ရှိ လောကကို ဆုံးဖြတ် သတ်မှတ်မှုများလည်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ယုံကြည်မှုများသည် အလွန်ခေါင်းမာခြင်းနှင့် စိတ်ခံစားချက် ပြင်းထန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ဤနည်းအားဖြင့် ယုံကြည်မှုများသည် လူတို့၏ အမူအကျင့်များ၊ လူတို့၏ အတွေးများအပေါ် အလွန်အားကောင်းစွာ လွှွမ်းမိုးနိုင်ကြသည်။ ယုံကြည်မှုများသည် လူတစ်ဦး၏ တကယ့် အရှိတရားအပေါ် ရှုမြင်မှုကိုလည်း ပုံသွင်းနိုင်သည်။ လူတို့အနေဖြင့် ယခင်က ဆုပ်ကိုင်ထားသည့် အမြင်များကို စိန်ခေါ်သည့် အထောက်အထားများ တွေ့ကြုံရသည့်အခါတွင် လူတို့၏ ယုံကြည်မှုများနှင့် စံတန်ဖိုးများ ပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်သည်။ ၎င်းအပြင် ယင်းအတွေ့အကြုံ အထောက်အထားများကြောင့် ယုံကြည်မှုနှင့် စံတန်ဖိုးများ ပို၍ ခိုင်မာသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ စံတန်ဖိုးများသည် လူတို့၏ အမူအကျင့်များနှင့် စေ့ဆော်မှုများအတွက် အခြေခံများ ဖြစ်ကြသည်။
အချုပ်အားဖြင့် ဆိုသော် ယုံကြည်မှုများနှင့် စံတန်ဖိုးများသည် ကွဲပြား ခြားနားသော သဘောတရားများဟု ဆိုနိုင်သည်။ စံတန်ဖိုးများသည် လူတို့၏ ရည်ရွယ်ချက်များ၊ စိတ်ဆန္ဒများနှင့် မျှော်မှန်းရာ ပန်းတိုင်များကို ကိုယ်စားပြုသည်။ စံတန်ဖိုးများသည် ဒြပ်မဲ့ သဘောတရားများသာဖြစ်ပြီး ခိုင်မာမှု ရှိစေရန် ထပ်မံ၍ မှတ်ကျောက်တင် အကဲဖြတ်ရန် လိုအပ်သည်။ ယုံကြည်မှုများသည် သတ်မှတ် ဆုံးဖြတ်ချက်များဖြစ်ပြီး လူတို့၏ စံတန်ဖိုးများ၊ အတွေ့အကြုံ၏ အဆုံးအဖြတ်ပေးမှုများနှင့် ဆက်နွှယ်နေသည်။ ယုံကြည်မှုများသည် လူတို့၏ အတွေ့အကြုံများကို အဓိပ္ပာယ်များပေးပြီး စံတန်ဖိုးများ ဖြစ်ပေါ်လာရန် အဝန်းအဝိုင်းတစ်ရပ်ကို ထောက်ပံ့သည်။ စံတန်ဖိုးနှင့် ယုံကြည်မှု နှစ်ရပ်စလုံးသည် မိမိကိုယ်တိုင် နှင့် မိမိဝန်းကျင်ရှိ လောကကို ရှုမြင်ပုံအား ပုံသွင်းပေးသည်သာ ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ တွေးထင်ယူဆချက်များကို ဆန်ကာများအဖြစ် စစ်ပေးပြီး တကယ့် အရှိတရားနှင့် ပတ်သက်၍ လမ်းပြမြေပုံ တစ်ရပ်ကို ဖြစ်ထွန်းစေသည်။
မည်သို့ပင်ဆိုစေ ယုံကြည်မှုများနှင့် စံတန်ဖိုးများသည် လူတို့၏ သဘောထားများ နှင့် ထင်မြင်ချက်များကို အဆုံးအဖြတ်ပေးသည့် အရာများဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
မေလ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်