ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် စပါးနှင့် အေဂျက်စ်တို့သည် ယနေ့ည စပါးအသင်း၏ကွင်းတွင် ကစားကြမည်ဖြစ်ပြီး ဗန်ပါစီက အေဂျက်စ်အသင်းအနေဖြင့် စပါးအသင်းကိုကျော်ဖြတ်နိုင်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖီယင်နုအသင်း၏ နယ်သာလန်ဝါရင့်တိုက်စစ်မှူးဗန်ပါစီက ယနေ့ညကစားမည့် စပါး - အေဂျက်စ်ပွဲတွင် အေဂျက်စ်အသင်းက အပေါ်အသင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် စပါးနှင့် အေဂျက်စ်တို့သည် ယနေ့ည စပါးအသင်း၏ကွင်းတွင် ကစားကြမည်ဖြစ်ပြီး ဗန်ပါစီက အေဂျက်စ်အသင်းအနေဖြင့် စပါးအသင်းကိုကျော်ဖြတ်နိုင်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
စပါးအသင်းအနေဖြင့် ယနေ့ညကစားမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် အဓိကတိုက်စစ်မှူး ဟာရီကိန်းဒဏ်ရာကြောင့် ပါဝင်နိုင်မည်မဟုတ်သလို၊ ဆွန်ဟောင်မင်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။
ဗန်ပါစီက '' ကျွန်တော်အာဆင်နယ်မှာကစားတုန်းက စပါးက ကျွန်တော့်ရဲ့အဓိကပြိုင်ဘက်ပါ။ အဲဒီလိုပဲ အခုကျွန်တော်ဖီယင်နုအသင်းမှာကစားနေတာကြောင့် အေဂျက်စ်က ကျွန်တော်တို့ရဲ့အဓိကပြိုင်ဘက်ဖြစ်ပါတယ်။ ဒါပေမဲ့ စပါးနဲ့ အေဂျက်စ်တို့ကို ကျွန်တော့်အနေနဲ့ မုန်းတီးခြင်းမရှိပါဘူး။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ထိ တက်လာခဲ့တဲ့အတွက် နှစ်သင်းစလုံးကို ကျွန်တော့်အနေနဲ့ လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ညကစားမယ့် ပွဲစဉ်မှာတော့ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းမပါနိုင်တဲ့ စပါးအသင်းကို အေဂျက်စ်အသင်းက အနိုင်ရသွားမယ်လို့ ကျွန်တော်ပြောချင်ပါတယ်" ဟု ဆိုခဲ့သည်။
ထို့ပြင် အေဂျက်စ်အသင်းတိုက်စစ်ကစားသမားဖြစ်သူ တာဒစ်ကလည်း ၄င်းတို့အနေဖြင့် စပါးအသင်းကို အဝေးကွင်းတွင် ဒုက္ခပေးနိုင်စွမ်းရှိကြောင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
စပါး - အေဂျက်စ်ပွဲမှ အနိုင်ရသည့်အသင်းသည် ဘာစီလိုနာ - လီဗာပူးလ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် တွေ့ဆုံမည်ဖြစ်ပြီး ယင်းဗိုလ်လုပွဲကို ဇွန်လ (၁)ရက်နေ့၌ အက်သလက်တီကိုအသင်း၏ အိမ်ကွင်း ဝမ်ဒါမက်ထရိုပိုလီတာနိုတွင် ကျင်းပမည်ဖြစ်သည်။