၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့အားကစားလောကမှ ထင်ရှားကျော်ကြားဖြစ်ရပ် (၁၁) ခု

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့အားကစားလောကမှ ထင်ရှားကျော်ကြားဖြစ်ရပ် (၁၁) ခု
Published 25 December 2017

၁။ ဘောလုံးတွင် ဘာမဆိုဖြစ်နိုင်ကြောင်း သက်သေပြခဲ့သည့် နေမာ၏ အပြောင်းအရွှေ့

ဘောလုံးတွင် ဘာမဆိုဖြစ်နိုင်သည့် စကားကို နေမာ၏ ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့က ထပ်မံသက်သေပြခဲ့သည်။ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းအား စာချုပ်လျော်ကြေး ယူရို ၂၂၂ သန်းပေးချေ၍ PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၆ ခုနှစ်က ပေါ့ဘာ၏ ယူရို ၁၀၅ သန်း စံချိန်ကို တစ်နှစ်အကြာမှာပင် ချိုးဖျက်ကာ စံချိန်သစ်တင်ခဲ့သည်။

၂။ ကမ္ဘာ့ဖလားပြိုင်ပွဲအား ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်ခဲ့သည့် FIFA ဆုံးဖြတ်ချက်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ရွေးကောက်ပွဲအကြို ကတိပြုထားသည့်အတိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲအား ၃၂ သင်းမှ ၄၈ သင်းပြိုင်ပွဲအဖြစ် တိုးမြှင့်ကျင်းပမည့် ဆုံးဖြတ်ချက်ကို ဇန်နဝါရီတွင် ဆုံးဖြတ်နိုင်ခဲ့သည်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှစ၍ ၄၈ သင်းပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံကို ၂၀၁၈ ခုနှစ် ဇွန်တွင် ရွေးချယ်မည်ဖြစ်သည်။

၃။ Duo Decima ချန်ပီယံ ရီးယဲလ်မက်ဒရစ်နှင့် အကောင်းဆုံးဆုများရှင် စီရော်နယ်လ်ဒို

ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၁၂) ကြိမ်မြောက် (Duo Decima) ဗိုလ်စွဲသည့်အပြင် ချန်ပီယံလိဂ်အမည်ဖြင့် နှစ်ကြိမ်ဆက် ဗိုလ်စွဲသည့် ပထမဆုံးအသင်း ဖြစ်လာသည်။ ရီးယဲလ်အသင်းသည် တစ်နှစ်အတွင်း ဖလားငါးလုံး ပထမဆုံး ရရှိခဲ့သလို စီရော်နယ်လ်ဒိုကလည်း FIFA The Best ဆုနှင့် Ballon d' Or ဆုကို ငါးကြိမ်မြောက်စီ ဆွတ်ခူးရရှိခဲ့သည်။

၄။ စပိန်ဘောလုံးလောကအပေါ် ဆက်လက်ရိုက်ခတ်နေသည့် အခွန်ရှောင်မှု ပြဿနာများ

အခွန်ရှောင်မှုပြဿနာများကို ပြန်လည်ဖော်ထုတ် စစ်ဆေးနေသည့် စပိန် အခွန်အာဏာပိုင်များသည် နာမည်ကြီးအေးဂျင့် ဂျော့ချ်မန်ဒက်စ်နှင့် ချိတ်ဆက်ထားသည့် မော်ရင်ဟို၊ စီရော်နယ်လ်ဒို၊ ဖယ်လ်ကာအို၊ ဒီမာရီယာ တို့ကို စွဲချက်တင် စစ်ဆေးခဲ့သည်။ စီရော်နယ်လ်ဒိုသည် ယင်းဖြစ်ရပ်ကြောင့် စပိန်မှပြောင်းရွှေ့ရန်အထိ စဉ်းစားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

၅။ ဆရီနာဝီလျံ၏ စံချိန်သစ်၊ ဂန္ထဝင်ဖက်ဒါရာနှင့် နဒါးလ် တစ်ကျော့ပြန်လာနိုင်ခဲ့သည့် ၂၀၁၇ ခုနှစ်

ဆရီနာဝီလျံ (အမေရိကန်) သည် သြစတြေးလျအိုးပင်းပြိုင်ပွဲ၌ ဗိုလ်စွဲပြီး ဂရင်းစလင်းချန်ပီယံဆု (၂၃) ကြိမ်ဖြင့် Open Era တွင် အအောင်မြင်ဆုံး တင်းနစ်မယ် ဖြစ်လာသည်။ ထို့ပြင် ဖက်ဒါရာ(ဆွစ်ဇာလန်)သည် သြစတြေးလျအိုးပင်းနှင့် ဝင်ဘယ်လ်ဒန်၊ နဒါးလ်(စပိန်)သည် ပြင်သစ်နှင့် ယူအက်စ်အိုးပင်း ပြိုင်ပွဲ၌ ဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ထိပ်ဆုံးနှစ်နေရာ ပြန်လည်ရယူနိုင်ခဲ့သည်။

၆။ ဇာတ်သိမ်းမလှခဲ့သည့် ယူစိန်ဘော့နှင့် မိုဖာရက်

တာတိုအပြေး ကမ္ဘာ့စံချိန်ရှင် ယူစိန်ဘော့သည် ကစားသမားဘ၀ နောက်ဆုံးယှဉ်ပြိုင်သည့် ကမ္ဘာ့ချန်ပီယံရှစ် မီတာ ၁၀၀ ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ အိုလံပစ် တာဝေးချန်ပီယံ မိုဖာရက်မှာလည်း မီတာ ၁၀,၀၀၀ ပြိုင်ပွဲ၌ ရွှေဆု ကာကွယ်နိုင်သော်လည်း မီတာ ၅၀၀၀ ပြိုင်ပွဲ၌ ငွေတံဆိပ်သာရပြီး အနိုင်နှင့် နှုတ်ဆက်ခွင့် လက်လွှတ်ခဲ့ရသည်။

၇။ လက်ဝှေ့ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့သည့် ဂျိုရှူအာ-ကလစ်ရှ်ကို၊ မေဝယ်သာ-မက်ဂရီဂေါ်ပွဲစဉ်

ဝင်ဘလေကွင်း၌ ကျင်းပသည့် WBA နှင့် IBF ဟဲဗီးဝိတ် စိန်ခေါ်ပွဲတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အများဆုံးအဖြစ် ပရိသတ် ၉၀,၀၀၀ အထိ ကြည့်ရှုခဲ့ပြီး ဂျိုရှူအာက ကလစ်ရှ်ကို ကို ၁၁ ချီတွင် အလဲထိုး အနိုင်ရခဲ့သည်။ တစ်ကျော့ပြန်ထိုးသည့် မေဝယ်သာနှင့် UFC ချန်ပီယံ မက်ဂရီဂေါ်တို့ပွဲမှာလည်း အမေရိက၌ ဒုတိယဝင်ငွေအများဆုံး ပွဲဖြစ်ပြီး ဒေါ်လာသန်း ၆၀၀ ရရှိခဲ့သည်။

၈။ ကမ္ဘာ့အဆင့်နှင့် ဥရောပအဆင့်တွင် ချန်ပီယံဆုများ ရရှိခဲ့သည့် အင်္ဂလန်လူငယ်အသင်း

အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း အောင်မြင်မှုရယူနိုင်ခြင်း မရှိသော်လည်း အင်္ဂလန် လူငယ်အသင်းများသည် FIFA ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သလို ဥရောပ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း (၁၀) ကြိမ်မြောက်ဗိုလ်စွဲပြီး ပူးတွဲ အအောင်မြင်ဆုံးအသင်း ဖြစ်လာသည်။

၉။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် နိုင်ပွဲဆက်မှု အများဆုံးစံချိန်တင်ခဲ့သည့် မန်စီးတီး

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာလက်ထက် ပထမရာသီတွင် ဖလားလက်မဲ့ ဖြစ်ခဲ့သော်လည်း ယခုရာသီတွင်မူ အမှတ်ပေးပွဲ ၁၇ ပွဲဆက် အနိုင်ရထားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ပွဲဆက်မှု အများဆုံးအဖြစ် စံချိန်တင်ထားသည်။ မန်စီးတီးအသင်းသည် အာဆင်နယ်အသင်း၏ ၁၄ ပွဲဆက် (၂၀၀၂ ဖေဖော်ဝါရီမှ သြဂုတ်) စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

၁၀။ နယ်ပယ်အသီးသီးတွင် ထွက်ပေါ်လာသည့် သက်ငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု

အင်္ဂလန်ဘောလုံးလောကအား တုန်လှုပ်ချောက်ချားစေခဲ့သည့် လိင်ပိုင်းကျူးလွန်မှု ဖြစ်စဉ်များ၏ နောက်ဆက်တွဲအဖြစ် အားကစားလောကအတွင်း ငယ်စဉ်က လိင်ပိုင်း အမြတ်ထုတ်ခံရဖူးကြောင်း ဝန်ခံပြောကြားသူများစွာ ထွက်ပေါ်လာခဲ့သည်။
အမေရိကန် ကျွမ်းဘားအသင်းဆရာဝန် နာဆာသည် လိင်အမြတ်ထုတ်မှုကြောင့် ထောင်ဒဏ်နှစ် ၆၀ ချမှတ် ခံထားရသည်။

၁၁။ တားမြစ်ဆေးကြောင့် ၂၀၁၈ ဆောင်းရာသီအိုလံပစ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရသည့် ရုရှားအသင်း

နိူင်ငံတကာ အိုလံပစ်ကော်မတီ (IOC) သည် ၂၀၁၄ ခုနှစ်က ကျင်းပသည့် ဆိုချီဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ အိမ်ရှင်ရုရှားအသင်းက တားမြစ်ဆေး ကျရှုံးမှုရလဒ်များအား ဖုံးကွယ်ထားသည့် ဖြစ်ရပ်ကြောင့် ၂၀၁၈ ဖယွန်းချန်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့် တားမြစ်ပိတ်ပင်ခဲ့ပြီး ဆေးအောင်သူများအနေဖြင့် အိုလံပစ်အလံကိုယ်စားပြု ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Most Read

Most Recent