ဇာတိမြေ (My Country My Home) ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံရှိ NHK ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသမည်

ဇာတိမြေ (My Country My Home) ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံရှိ NHK ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသမည်
Published 2 March 2018

ဇာတိမြေဇာတ်ကား ရိုက်ကွင်းတစ်နေရာ

ဇာတိမြေ (My Country My Home) ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံရှိ NHK ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသမည်ဟု သိရသည်။

“ဇာတိမြေရုပ်ရှင်ဇာတ်ကားကို စပြီးရိုက်ခဲ့တုန်းကတော့ ဂျပန်နိုင်ငံမှာ ပြသဖို့တွေ သူတို့ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသဖို့တွေကို သဘောတူညီမှုထားခဲ့တာမျိုး မရှိပါဘူး။ ဒီဇာတ်ကားပြီးသွားတဲ့အချိန်မှာမှ သူတို့ဘက်ကနေပြီး NHK ရုပ်သံလိုင်းမှာ ပြသမယ်လို့ ဖြစ်လာခဲ့တာပါ။ အစပိုင်းတုန်းကတော့ အမအနေနဲ့ မြန်မာအမျိုးသမီး ဒါရိုက်တာတစ်ယောက် ရိုက်ကူးတဲ့ဇာတ်ကားကို ဂျပန်လူမျိုးတွေက ဘယ်လိုတုန့်ပြန်မလဲဆိုတာမျိုး စိတ်ပူခဲ့ရတယ်။ Premier Show ပြသချိန်မှာ လာကြည့်တဲ့ဂျပန်လူမျိုးတွေဆီက ချီးကျူးစကားတွေကြားရတော့ အမကျေနပ်ရတယ်။ နောက်ပြီး သူတို့တွေဘက်ကလက်ခံလို့သာ ဒီဇာတ်ကားကို NHK ရုပ်သံလိုင်းမှာ ပြသဖို့ ဖြစ်လာခဲ့တာပါ။ ဂျပန်နိုင်ငံမှာ NHK ရုပ်သံလိုင်းဆိုတာကလည်း လူတွေအဓိကထားပြီးကြည့်တဲ့ ရုပ်သံလိုင်းဖြစ်တာကြောင့် ဂျပန်ဘက်ကလူတွေအနေနဲ့ ဒီဇာတ်ကားကို ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံချစ်ကြည်ရေးဇာတ်ကားတစ်ခုအဖြစ် ကြည့်စေချင်တာကြောင့် ပြသတာလို့သိရတဲ့အတွက် အစ်မအနေနဲ့ ပိုပြီးတော့ဝမ်းသာဂုဏ်ယူရပါတယ်” ဟု ဒါရိုက်တာကြည်ဖြူသျှင်က ဆိုသည်။

ဇာတိမြေဇာတ်ကားအတွက် ဇာတ်လမ်းကို NHK မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Yamamoto San က ရေးဖွဲ့ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာကြည်ဖြူသျှင်ကိုယ်တိုင် ဇာတ်ညွှန်းရေးဖွဲ့ကာ ရိုက်ကူးထားကာ လက်ထောက်ဒါရိုက်တာအဖြစ် ဂျပန်လူမျိုး Shimada San က ပါဝင်ထားသည်ဟု သိရသည်။

အဆိုပါဇာတ်ကားတွင် ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်းနှင့် အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရိုက်ကူးသည့်ဇာတ်ဝင်ခန်းများ၌ ဂျပန်နိုင်ငံမှ အနုပညာရှင်များနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ပါဝင်ကူညီသရုပ်ဆောင်ထားသည်။

ဇာတိမြေရုပ်ရှင်ဇာတ်ကားသည် ရှစ်လေးလုံအရေးတော်ပုံကာလတွင် ပါဝင်ခဲ့သည့် စက်မှုတက္ကသိုလ်ကျောင်းသား စိုင်းမိုင်ဆွန်းသည် အရေးအခင်းကာလအပြီး၌ ဂျပန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ဖြစ်ပေါ်လာသည်များကို ရိုက်ကူးထားသည်။

ယင်းဇာတ်ကားကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇာတ်ကား၏ ရာခိုင်နှုန်း ၇၀ ခန့် ရိုက်ကူးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဇာတ်ကား၏ ရာခိုင်နှုန်း ၃၀ ခန့်ကို ရိုက်ကူးထားပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးနှင့် ကလောတို့၌လည်း ရိုက်ကူးထားသည်။

Most Read

Most Recent