သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရများရရှိခဲ့

သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရများရရှိခဲ့
Published 16 September 2024

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီးတွင် ယမန်နေ့ မွန်းတည့်ချိန်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာနေ နိုင်ငယ်ထူးထူးလင်း၊ လမင်းမောင်၊ မဇင်မာထွေးနှင့်နန်းထွန်းလှ တို့လေးဦးမှာ စက်တင်ဘာလ (၁၅) ရက်နံနက်ပိုင်းအချိန်က ကျောင်းရွာကျေးရွာအနီးရှိ ရေကန်ဘက်မှ ဝဲခမိကျေးရွာဘက်သို့ ပြန်လာကြစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒဏ်ရာရသွားတဲ့သူက အသက် (၁၉) နှစ်အရွယ်တွေရှိကြတဲ့ နိုင်ငယ်ထူးထူးလင်း နဲ့ မဇင်မာထွေးတို့နှစ်ဦးလို့ သိရပါတယ်။ နိုင်ငယ်ထူးထူးလင်း မှာ ညဘက်ခြေထောက်မှာ ဒဏ်ရာတစ်ချက်နဲ့ ဘယ်ဘက်လက်မောင်းမှာ ဒဏ်ရာတစ်ချက်ရသွားတယ်။ မဇင်မာထွေး မှာက ဘယ်ဘက်လက်မောင်းမှာဒဏ်ရာတစ်ချက်ရသွားတယ်” ဟု ပြောကြားသည်။

နိုင်ငယ်ထူးထူးလင်း ရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်‌ကြောင်း နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ လူငယ် (၂) ဦးအား သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ထိုမှ မော်လမြိုင်မြို့ရှိပြည်သူ့ဆေးရုံကြီးသို့ ထပ်မံတင်ပို့ပေးခဲ့ရကြောင်း ၎င်းဒေသခံက ဆိုသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း မြေမြှုပ်မိုင်း နှင့် လက်နက်ကြီးကျည်များ ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိနေသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေကြောင်းလည်းဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၂) ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီးကျေးရွာအနီးရော်ဘာခြံအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦး ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent