နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်သူ ၃၆၀၀ ကျော်အား ရွှေ့ပြောင်းခဲ့ပြီး ရေဘေးကြောင့် သေဆုံးသူ ၁၉ ဦးရှိခဲ့ကာ ကူညီကယ်ဆယ်မှု ဆက်လက်လိုအပ်နေ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်သူ ၃၆၀၀ ကျော်အား ရွှေ့ပြောင်းခဲ့ပြီး ရေဘေးကြောင့် သေဆုံးသူ ၁၉ ဦးရှိခဲ့ကာ ကူညီကယ်ဆယ်မှု ဆက်လက်လိုအပ်နေ
Published 13 September 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်တင်ဘာ ၁၂ ရက် ည ၈ နာရီခွဲအချိန်ထိ ရေဘေးသင့်သူ ၃၆၀၀ ကျော်အား ရွှေ့ပြောင်းခဲ့ပြီး ရေဘေးကြောင့် သေဆုံးသူ ၁၉ ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများဝင်ရောက်လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာ ၁၂ ရက် ည ၈ နာရီခွဲအချိန်ထိ တပ်ကုန်းနှင့်မကျီးပင်မှ ၁၅၀ ဦး၊ ရွာသစ်ကျေးရွာနှင့် အနော်ရထာရပ်ကွက်မှ ၁၂၉ ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗနှင့် ဝက်အင်းရွာမှ ၁၂ ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတို့မှ ၇၀၅ ဦး၊ ပျဉ်းမနားနှင့် မအူပင်ရွာမှ ၂၄ ဦး၊ ပျဉ်းမနားသကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာနှင့် ကျွန်းဦးရွာမှ ၆၅၁ ဦးအား ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။

အလားတူ ဝက်ကုန်းနှင့် ပေါက်တောရွာမှ ၃၉၉ ဦး၊ ပုဗ္ဗသီရိတောက်ထိန်ရွာမှ ၂၀ ဦး၊ ကင်းသာလမ်းခွဲနှင့် ပင်လောင်းလမ်းဆုံမှ ၁၈ ဦး၊ ရွာသစ်ကျေးရွာမှ ၅၇ ဦး၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘိုးဘွားရိပ်သာမှ ၃၀ ဦး၊ မကျီးပင်ကျေးရွာမှ ၄၈၂ ဦး၊ မကျီးပင်အုပ်စုနှင့် ညောင်ပင်သာရွာမှ ၂၅၈ ဦး၊ ကျီးဖြူရိုး ၊ ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲနှင့် ပေါစံခေါရွာတို့မှ ၄၄၇ ဦး၊ လယ်ဝေး၊ ဟေမာန်ကျေးရွာနှင့် သစ်စိမ်းကျေးရွာတို့မှ ၁၅၀ ဦး၊ ကွမ်းခြံကျေးရွာမှ ၇၀ ဦး၊ စုစုပေါင်းနေရာ ၃၀ တို့မှ ရေဘေးသင့်ပြည်သူ ၃၆၀၂ ဦးတို့အား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးမှုကြောင့် သေဆုံးသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၁၉ ဦးရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။