လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများ ထိုက်သင့်သည့်ဈေးနှုန်းထက် များပြားနေသည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌ ပြောကြား

လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများ ထိုက်သင့်သည့်ဈေးနှုန်းထက် များပြားနေသည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 2 September 2024

လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများ ထိုက်သင့်သည့်ဈေးနှုန်းထက် များပြားနေသည်ကို တွေ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၁ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများကို တွေ့ဆုံရခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကိုမှာကြားနိုင်ရန်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလိုလားကြကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး ပြည်သူများအနေဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးနှင့်နိုင်ငံရေးသည် အပြန်အလှန် အမှီသဟဲပြုနေခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများအားလုံးတွင် တာဝန်ရှိကြောင်း ပြောကြားသည်။

မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ နိုင်ငံရေးစနစ်အမျိုးမျိုးကိုကျင့်သုံးခဲ့ကြောင်း၊ နိုင်ငံရေးစနစ်များပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးမှုများရှိခဲ့ကြောင်း၊ စီးပွားရေးတွင် တိုးတက်မှုများရှိသကဲ့သို့ ထိုက်သင့်သလောက်အောင်မြင်မှုမရှိခဲ့သည်များလည်းရှိကြောင်း၊ စီးပွားရေး အားနည်းချက်များဖြစ်ပေါ်မှုများကြောင့် နိုင်ငံရေးပြဿနာများဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပြီး စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းများကြောင့်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာအားသာချက်များ၊ အားနည်းချက်များကို သင်ခန်းစာယူဖော်ထုတ်၍ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက်များပြားနေသည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေများရရှိစေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှုများပြားလာခြင်းကြောင့် နိုင်ငံခြားငွေများလိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုများနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် မူဝါဒများချမှတ်၍ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်အစိုးရများအဆက်ဆက်က ပြည်ပမှချေးယူခဲ့သည့် ပြည်ပချေးငွေများကိုလည်း မိမိတို့အနေဖြင့် ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ နိုင်ငံခြားဝင်ငွေများရရှိရေးအတွက် ပြည်ပရောင်းတန်းဝင်သည့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အဆိုပါထုတ်ကုန်များကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်လည်း စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ကြေးများတိုးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်မှရသင့်ရထိုက်သည့်အခွန်အခများ မှန်မှန်ကန်ကန်ရရှိစေရေးတာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။