ဆီမီးဖိုင်နယ်တွင် ဘယ်လ်ဂျီယံကို အနိုင်ယူရမည့်နည်းလမ်းမှာဟာဇက်နှင့်လူကာကူတို့ကို ထိန်းချုပ်ရန်သာဖြစ်သည်ဟု ဒေးရွှမ့်ဆို

ဆီမီးဖိုင်နယ်တွင် ဘယ်လ်ဂျီယံကို အနိုင်ယူရမည့်နည်းလမ်းမှာဟာဇက်နှင့်လူကာကူတို့ကို ထိန်းချုပ်ရန်သာဖြစ်သည်ဟု ဒေးရွှမ့်ဆို
Published 9 July 2018

 

Photos: AFP

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က ယခုအင်္ဂါနေ့တွင်ကစားမည့် ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပြင်သစ်-ဘယ်လ်ဂျီယံပွဲ၌ ဘယ်လ်ဂျီယံအသင်းကို အနိုင်ယူရမည့်နည်းလမ်းတစ်ခုအား ထုတ် ဖော်ပြောကြားခဲ့သည်။ ဒေးရွှမ့်က ယင်းပွဲတွင် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူနှင့် တောင်ပံကစားသမား ဟာဇက်တို့ကို ထိန်းချုပ်နိုင်ပါက မိမိတို့အသင်း အနိုင်ရရှိရန် သေချာသလောက်ဖြစ်လိမ့်မည်ဟု သုံးသပ်ပြော ကြားခဲ့သည်။

မန်ယူတိုက်စစ်မှူး လူကာကူနှင့် ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်တို့မှာ ပြိုင်ဘက်အသင်းများကို ဒုက္ခအပေးနိုင်ဆုံး ဘယ်လ်ဂျီယံကစားသမားများဖြစ်သည်ဟု ဒေးရွှမ့်က ပြောကြားခဲ့သည်။ ယင်းပွဲအတွက် မီဒီယာများက မေးမြန်းခဲ့ရာတွင် ဒေးရွှမ့်က ဘယ်လ်ဂျီယံအသင်းအပေါ် ယခုကဲ့သို့ ဝေဖန်သုံးသပ် ပြောကြားခဲ့သည်။

"ဘယ်လ်ဂျီယံအသင်းဟာ နုပျိုလန်း ဆန်းနေတဲ့အသင်းတစ်သင်းပါ။ ဒါပေမဲ့ သူတို့ရဲ့ကစားပုံက တည်ငြိမ်ရင့်ကျက်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့ အဲဒီပွဲမှာ အတော့်ကို ခက်ခက်ခဲခဲကစားရမှာ သေချာပါတယ်။ လူကာကူရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက ဘယ်နောက်တန်းကိုမဆို ဒုက္ခ ကောင်းကောင်းပေးနိုင်ပါတယ်။ ကျွန်တော်တို့ သူ့ကို နေရာလွတ်တွေပေးလို့ မဖြစ်သလို၊ အခွင့်အရေးပေးလို့လည်း မရပါဘူး။ သူက အရည်အ သွေးမြင့်တိုက်စစ်မှူးတစ်ဦးပါ။ နောက်ပြီး အေဒင်(ဟာဇက်)ကလည်း ကစားသမားကောင်းတစ်ဦးပါ။ လိုင်လီမှာ သူကစားစဉ်ကတည်းက သူ့ရဲ့အကြောင်းကို ကျွန်တော်ကောင်းကောင်းသိပြီးပါပြီ။ သူဟာ ဘောလုံးကို ကောင်းကောင်းဆွဲပြေးနိုင်တဲ့ အရည်အသွေးမြင့်တောင်ပံကစားသမားတစ်ဦးပါ။ သူ့ကိုလည်း ကျွန်တော်တို့ နေရာလွတ်တွေပေးလို့ မရပါဘူး" ဟု ဒေးရွှမ့်က ပြောကြားခဲ့သည်။

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်အနေဖြင့် သူ၏ လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်ခဲ့သော အွန်နရီ လက်ထောက်နည်းပြအဖြစ်ကိုင်တွယ်နေသည့် ဘယ်လ်ဂျီယံအသင်းကို ပြန်လည်ရင်ဆိုင်ရခြင်းလည်း ဖြစ်သည်။

Most Read

Most Recent