အုပ်စုပွဲများတွင် VAR ကြောင့် ဆုံးဖြတ်ချက် ၉၉ ဒသမ ၃ ရာခိုင်နှုန်း မှန်ကန်မှုရှိ

အုပ်စုပွဲများတွင် VAR ကြောင့် ဆုံးဖြတ်ချက် ၉၉ ဒသမ ၃ ရာခိုင်နှုန်း မှန်ကန်မှုရှိ
Published 1 July 2018

 

Photos: Telegraph

 

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များတွင် VAR (ရုပ်သံအကူဒိုင်) စနစ်ဖြင့် ကြည့်ရှုမှု (၃၃၅) ကြိမ်ရှိပြီး ဆုံးဖြတ်ချက်များအား (၉၉ ဒသမ ၃) ရာခိုင်နှုန်းအထိ မှန်ကန်မှုရှိစေရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်ကြေညာခဲ့သည်။

ၤFIFA သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် VAR စနစ်ကို ပထမဆုံးအကြိမ် အသုံး ပြုခြင်းဖြစ်ပြီး အုပ်စုပွဲစဉ်များ၌ သွင်းယူခဲ့သည့် (၁၂၂) ဂိုးစလုံးကို VAR ဖြင့် ကြည့်ရှုစစ်ဆေးသည့်အပြင် တစ်ပွဲပျမ်းမျှ ခုနစ်ကြိမ် နီးပါး စစ်ဆေးမှုပြုလုပ်ကြောင်း သိရသည်။

ယင်းကဲ့သို့ VAR ကြည့်ရှုစစ်ဆေးမှုများအနက် ကွင်းအတွင်းရှိ ဒိုင်လူကြီးက ရုပ်သံမှ ပြန်လည်ကြည့်ရှုသည့်အရေအတွက် (၁၄) ကြိမ်ရှိကြောင်း FIFA ဒိုင်ကော်မတီဥက္ကဋ္ဌ ကော်လီနာက ပြောကြားခဲ့သည်။

" VAR အဖွဲ့ အနေနဲ့ စစ်ဆေးမှု (၃၃၅) ကြိမ်လုပ်ခဲ့ပါတယ်။ သွင်းဂိုးအားလုံးအပြင် ကွင်းအတွင်း အခြား ဖြစ်ရပ်တွေကိုလည်း VAR နဲ့ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှု (၃၃၅) ကြိမ်မှာ VAR ပြန်လည် ကြည့်ရှုမှုလုပ်ဖို့ အကြောင်းကြားမှု (၁၇) ကြိမ်ရှိပြီး ဆုံးဖြတ်ချက်ပြင်ဆင်ခဲ့တာ (၁၄) ကြိမ်ရှိပါတယ်။ ဒိုင်လူကြီးက ကွင်းဘေးမှာရှိတဲ့ မော်နီတာကနေ ပြန်လည်ကြည့်ရှုမှု (၁၄) ကြိမ်ရှိပြီး သုံးကြိမ်ကတော့ VAR ကနေ တိုက်ရိုက်ဆုံး ဖြတ်တာပါ။ အဲဒီသုံးကြိမ်မှာ လူကျွံအခြေအနေလည်း ပါဝင်တယ်" ဟု ၎င်းက ဆိုသည်။

FIFA က ထုတ်ပြန်သည့် ကြေညာချက်အရ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်သက်သက်ဆိုလျှင် မှန်ကန်မှု (၉၅) ရာခိုင်နှုန်းရှိပြီး VAR ဖြင့် ကူညီဆောင်ရွက်မှုကြောင့် (၉၉ ဒသမ ၃) ရာခိုင်နှုန်းအထိ မှန်ကန်မှုရှိလာကြောင်း သိရသည်။ သို့သော် ကော်လီနာက VAR စနစ်မှာ ပြီးပြည့်မှုမရှိသေးကြောင်းနှင့် မှားယွင်းလွဲ ချော်မှုအချို့ ရှိနေသေးကြောင်း ဝန်ခံပြောကြားခဲ့သည်။

VAR စနစ်ဖြင့် ကြည့်ရှုပြီးနောက် ပယ်နယ်တီပေးရန် ဆုံးဖြတ်သည့်အရေအတွက် ခုနစ်ကြိမ်ရှိပြီး လူကျွံအဖြစ် သတ်မှတ်ထားသည့် နှစ်ဂိုးကိုလည်း ဂိုးအဖြစ် ပြန်လည်ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။ သို့သော် အငြင်း ပွားဖွယ်ဖြစ်ရပ်အချို့ကို ပြန်လည်ကြည့်ရှုခြင်း မပြုသဖြင့် ဝေဖန်မှုများလည်း ရှိနေကြောင်းသိရသည်။

Most Read

Most Recent