ဒဏ်ရာသတင်းများ စုစည်းမှု

ဒဏ်ရာသတင်းများ စုစည်းမှု
Published 1 July 2018

 

Photo: Reuters,AFP

ဟာမီးစ်ရိုဒရီဂွက်ဇ် (ကိုလံဘီယာ)

ကိုလံဘီယာအသင်း၏ အားထားရသည့် ကွင်းလယ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ခြေသလုံးဒဏ်ရာကြောင့် အင်္ဂလန်အသင်းနှင့်ကစားရမည့် (၁၆) သင်း ရှုံးထွက်အဆင့် ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရန် မသေချာကြောင်း သိရသည်။

၎င်းသည် ဆီနီဂေါအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲတွင် ပထမပိုင်း မိနစ် (၃၀) မှာပင် လူစားလဲခဲ့ရပြီး အပေါ့စားလေ့ကျင့်မှုပင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ၎င်းအနေဖြင့် ဝဲဘက်ခြေသလုံးကြွက်သားဒဏ်ရာရရှိထားခြင်းဖြစ်ပြီး ဇွန် (၃၀) ရက်မှသာ MRI Scan စစ်ဆေးမှုပြုလုပ်ခဲ့ရသောကြောင့် ထိခိုက်မိသည့်နေရာနှင့် ပြင်းထန်သည့်အခြေအနေကို အတိအကျထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၎င်း၏အခြေအနေနှင့်ပတ်သက်၍ နည်းပြ ပယ်ကာမန်က "ကျွန်တော် တော်တော်လေးစိုးရိမ်ပါတယ်။ ဒါက အသင်းအတွက် တော်တော်ခက်ခဲတဲ့အခြေအနေပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။

လူကာကူ (ဘယ်လ်ဂျီယံ)
ခြေချင်းဝတ်ဒဏ်ရာကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့သည့် တိုက်စစ်မှူး လူကာကူသည် ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်ကြောင်း ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်က အတည်ပြုပြောကြားခဲ့သည်။ ယခု ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လေးဂိုး သွင်းယူထားသည့် လူကာကူသည် တူနီးရှားအသင်းနှင့်ကစားသည့် အုပ်စုဒုတိယပွဲ၌ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်အသင်းနှင့် နောက်ဆုံးပွဲကို လွဲချော်ခဲ့သည်။ "လူကာကူက ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေပါပြီ။ သူ လေ့ကျင့်မှုလုပ်နိုင်ပြီး ဘာပြဿနာမှလည်း မရှိပါ ဘူး။ သူပြန်ကစားနိုင်ပြီဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်" ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။

Most Read

Most Recent