ဂိုးသွင်းဘုရင်ဆုရယူရန်ပစ်မှတ်ထားနေသည့် ဟာရီကိန်းကို ဘယ်လ်ဂျီယံနှင့်ပွဲတွင် ဆောက်ဂိတ်အသုံးပြုဖွယ်ရှိ

ဂိုးသွင်းဘုရင်ဆုရယူရန်ပစ်မှတ်ထားနေသည့် ဟာရီကိန်းကို ဘယ်လ်ဂျီယံနှင့်ပွဲတွင် ဆောက်ဂိတ်အသုံးပြုဖွယ်ရှိ
Published 27 June 2018

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် လာမည့်ဘယ်လ်ဂျီယံအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဂိုးသွင်းဘုရင်ဆုရယူရန် ပစ်မှတ်ထားနေသည့် အဓိကတိုက်စစ်မှူးဟာရီကိန်းအား ပွဲထွက်အဖြစ်အသုံးပြုသွားဖွယ်ရှိကြောင်း သိရသည်။ အသက် (၂၄) နှစ်ရှိ ဟာရီကိန်းသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အုပ်စုပွဲစဉ်(၂)ပွဲကစားပြီးချိန်တွင် (၅)ဂိုးသွင်းယူထားပြီး ဂိုးအများဆုံးသွင်းထားသူအဖြစ် ရပ်တည်နေသည်။ သို့ဖြစ်ရာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဂိုးသွင်းဘုရင်ဆုရယူရန်ပစ်မှတ်ထားနေသည့် ဟာရီကိန်းကို ဘယ်လ်ဂျီယံအသင်းနှင့်ပွဲတွင် ပွဲထွက်အသုံးပြုသွားရန် စီစဉ်နေခြင်းဖြစ်သည်။

ဆောက်ဂိတ်က '' အသင်းနည်းပြတစ်ယောက်အနေနဲ့ ပထမဆုံးတစ်သင်းလုံးအတွက် စဉ်းစားရမယ်။ ဒုတိယစဉ်းစားရမှာကတော့ ကစားသမားတစ်ဦးချင်းစီရဲ့အကြောင်းပါ။ နောက်တော့ သူတို့ရဲ့လက်ရှိအခြေအနေပေါ့။ ဒါဟာ လူအများကြီးနဲ့တွဲအလုပ်လုပ်ပြီး သူတို့ကိုစီမံခန့်ခွဲမှုပြုလုပ်ရချိန်မှာ အရမ်းကိုစဉ်းစားရကျပ်စေတဲ့အရာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ် နိုင်ပါလိမ့်မယ်။ သူက အသင်းခေါင်းဆောင်ပါ။ အသင်းကိုလည်း ဘယ်လိုဦးဆောင်ရမယ်ဆိုတာ သိထားသူပါ။ နောက်ပြီး အသင်းနဲ့အတူ နိုင်ပွဲတွေဆက်တိုက်ရယူဖို့လည်း စိတ်အားထက်သန်နေပါတယ်။ ကိုယ်က ဂိုးသွင်းနိုင်ပြီး အသင်းက နိုင်ပွဲမရဘူးဆိုရင် အဲဒါဟာ စိတ်ကျေနပ်စရာမဟုတ်ဘူးဆိုတာ သူလည်းသိပါတယ်''ဟု ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုး(၅)ဂိုးဖြင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို၊ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူတို့၏ သွင်းဂိုးများထက် တစ်ဂိုးအသာရကာ ဂိုးသွင်းအများဆုံးသူစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

Most Read

Most Recent