ပနားမားကို ဂိုးဒါဇင်ဝက်သွင်းယူနိုင်သော်လည်း တိုက်စစ်ပိုင်းအား စိတ်တိုင်းမကျသေးကြောင်း ဆောက်ဂိတ် သုံးသပ်ပြောကြား

ပနားမားကို ဂိုးဒါဇင်ဝက်သွင်းယူနိုင်သော်လည်း တိုက်စစ်ပိုင်းအား စိတ်တိုင်းမကျသေးကြောင်း ဆောက်ဂိတ် သုံးသပ်ပြောကြား
Published 26 June 2018

Photo : AFP

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ပနားမားအသင်းအား ဂိုးဒါဇင်ဝက်သွင်းယူနိုင်ခဲ့သော်လည်း အသင်း၏ခြေစွမ်းအပေါ် အပြည့်အဝကျေနပ်မှုမရှိသေးဘဲ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်ရှိနေသေးကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် အုပ်စုဒုတိယပွဲ အဖြစ် ဇွန် ၂၄ ရက်က ပနားမားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၆-၁) ဂိုးဖြင့် အနိုင်ရပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်သည့်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အင်္ဂလန်အသင်းသည် နှစ်ပွဲစလုံး အနိုင်ရကာ ခြောက်မှတ်ရရှိထားပြီး ဘယ်လ်ဂျီယံအသင်းနှင့် ဂိုးကွာခြားချက်၊ သွင်းဂိုး၊ ပေးဂိုးတူအနေအထားဖြင့် ပူးတွဲဦးဆောင်လျက်ရှိသည်။

သို့သော် ဆောက်ဂိတ်က " ကျွန်တော်က အပြစ်ကိုပိုရှာနေတာပါ။ ပွဲစကစားတဲ့ပုံစံကို မကြိုက်ဘူး။ အဆုံးသတ်ဂိုးသွင်းယူတဲ့ပုံစံကိုလည်း မကြိုက်ဘူး။ ကွင်းလယ်မှာ ကစားပုံကတော့ နည်းနည်းကြည့်ကောင်း တယ်လို့ထင်တယ် " ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် ဇွန် ၂၈ ရက်တွင် ဘယ်လ်ဂျီယံအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ယင်းပွဲ၌ ပွဲထွက်စာရင်းအား အပြောင်းအလဲပြုလုပ်ဖွယ်ရှိ၊ မရှိနှင့်ပတ်သက်၍ ၎င်းက " ကျွန်တော်ကတော့ အခုရနေတဲ့အရှိန်ကို ဆက်ထိန်းထားချင်တယ်။ ဘယ်လိုပုံစံနဲ့ကစားချင်လဲဆိုတာ စဉ်းစားရမယ်။ ဒါက ပွဲကစားခွင့်ရဖို့ လိုအပ်နေတဲ့ ကစားသမားတွေအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်တယ်။ ဒါပေမဲ့ တစ်ဖက်ကပြန်ကြည့်ရင်လည်း နိုင်ပွဲတွေရနေတဲ့ပုံစံကောင်းကို ဆက်ထိန်းထားချင်တယ်။ ဒီလိုအခြေအနေမျိုး ဆုံးဖြတ်ရတာ ကျေနပ်စရာကောင်းပါ တယ် " ဟု ဆက်လက်ပြောကြားခဲ့သည်။

အင်္ဂလန်နှင့် ဘယ်လ်ဂျီယံနှစ်သင်းစလုံးသည် သွင်းဂိုးရှစ်ဂိုး၊ ပေးဂိုးနှစ်ဂိုး၊ ရမှတ် ခြောက်မှတ်စီတူညီနေသောကြောင့် နောက်ဆုံးပွဲတွင် သရေရလဒ်ထွက်ပေါ်ပါက Fair Play (သန့်ရှင်းစွာကစားမှု) စည်းမျဉ်းရမှတ်ဖြင့် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။ Fair Play စည်းမျဉ်းအရ အဝါကတ်ပြခံရပါက တစ်မှတ်လျှော့၊ နှစ်ဝါတစ်နီပြခံရပါက သုံးမှတ်လျှော့၊ တိုက်ရိုက်အနီကတ်ပြခံရပါက လေးမှတ်လျှော့နှင့် အဝါကတ်ပြသပြီးနောက် အနီကတ်တိုက်ရိုက်ပြသခံရပါက ငါးမှတ်လျှော့ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ နှစ်ပွဲကစား အဝါကတ်နှစ်ကတ်သာပြသခံထားရသည့် အင်္ဂလန်အသင်းက အဝါကတ်သုံးကတ် ပြသခံထားရသည့် ဘယ်လ်ဂျီယံထက် စည်းကမ်းပိုင်းပိုကောင်းနေကြောင်း သိရသည်။

Most Read

Most Recent