ဆာလာနှင့် မည်သည့်ပြဿနာမျှမရှိဟု အီဂျစ် FAရှင်းလင်း

ဆာလာနှင့် မည်သည့်ပြဿနာမျှမရှိဟု အီဂျစ် FAရှင်းလင်း
Published 25 June 2018

Photos;AFP

အီဂျစ်ဘောလုံးအဖွဲ့ချုပ်(EFA)က အဖွဲ့ချုပ်နှင့် ကြယ်ပွင့်ကစားသမားတို့အကြား မည်သည့်ပြဿနာမျှ မရှိဟု အတည်ပြုပြောကြားခဲ့သည်။

ဆာလာသည် လက်ရွေးစင်အသင်းမှ အနားယူဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် EFAက ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

(၂၆)နှစ်အရွယ်ရှိ ဆာလာမှာ အဖွဲ့ချုပ်နှင့် သဘောထားကွဲလွဲမှုများဖြစ်ပြီးနောက် ၎င်း၏လက်ရွေးစင်ကစားသမားဘ၀ အနာဂတ်ကို စဉ်းစားနေကြောင်း သတင်းများက ရေးသားခဲ့ကြသည်။

သတင်းများတွင် ဆာလာမှာ ချေချင်းညာခေါင်းဆောင် ကာဒီရော့ဗ်နှင့် အတူဓာတ်ပုံတွဲရိုက်ခဲ့ရသည့်အတွက် မပျော်မရွှင်ဖြစ်နေကြောင်း ဖော်ပြလျက်ရှိသည်။

၎င်းတို့ အတူတွဲရိုက်ထားသည့်ဓာတ်ပုံ ထွက်လာပြီးနောက် ကာဒီရော့ဗ်သည် နိုင်ငံရေးဝါဒဖြန့်မှုအတွက် ကစားသမား၏ပုံရိပ်ကို အသုံးပြုခဲ့ကြောင်း စွပ်စွဲခဲ့သည်။

'' ဆာလာ လက်ရွေးစင်အသင်းက အနားယူမယ်ဆိုတဲ့သတင်းတွေဟာ လုံးဝမှားယွင်းပါတယ်။ မို(ဆာလာ)ဟာ အခု ကျွန်တော်တို့နဲ့အတူရှိနေတယ်။ သူဟာ လေ့ကျင့်ရေးစခန်းမှာ ပျော်ရွှင်နေပါတယ်။ အသင်းဖော်တွေနဲ့ စားရင်းရယ်မောရင်းနဲ့ပေါ့။ လေ့ကျင့်ခန်းလည်း ကောင်းစွာလုပ်ပါတယ်။ ဆိုလိုတာက သူ့မှာ ဘာပြဿနာမှ ရှိမနေပါဘူး''ဟု EFAက ပြောကြားခဲ့သည်။

အီဂျစ်အသင်းသည် ချေချင်းညာဒေသတွင် အခြေစိုက်နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ဆာလာ၏အေးဂျင့်ဖြစ်သူ ရာမီအဘားစ်ကလည်း Twitterတွင် နိုင်ငံရေးမှိုင်းတိုက်မှုတစ်ခုဟု ဝေဖန်ခဲ့သည်။

ဆာလာသည် ပြီးခဲ့သည့်ဧပြီလအတွင်းက ပုံရိပ်မူပိုင်ခွင့်အတွက် EFAနှင့် ပြဿနာဖြစ်ပွားခဲ့သေးကြောင်း လည်း သိရသည်။

 

Most Read

Most Recent