စီရော်နယ်လ်ဒိုမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သည်ဟု ဒရော့ဘာ ချီးကျူး

စီရော်နယ်လ်ဒိုမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သည်ဟု ဒရော့ဘာ ချီးကျူး
Published 22 June 2018

ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဟောင်း ဒရော့ဘာက ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သည်ဟု ပေါ်တူဂီ (၁-ဝ) မော်ရိုကိုပွဲစဉ်အပြီးတွင် ချီးကျူးပြောကြားခဲ့ကြောင်း သိရသည်။ ဒရော့ဘာသည် ယင်းပွဲစဉ်ကို BBC ၏ပွဲသုံးသပ်သူအဖြစ် ပါဝင်တင်ဆက်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအတွက်ခြေစွမ်းပြနေသည့် စီရော်နယ်လ်ဒိုအား ချီးကျူးခဲ့ခြင်းဖြစ်သည်။

Photo: AFP

ဒရော့ဘာက '' လက်ရှိအချိန်မှာ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ ပြီးပြည့်စုံတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ သူဟာ ခေါင်းတိုက်ဂိုးတွေ သွင်းယူနိုင်သလို ဘယ်ခြေရော၊ ညာခြေ နဲ့ပါ ဂိုးသွင်းယူနိုင်ပါတယ်။ ဒါ့အပြင် အလွတ်တည်ကန်ဘောတွေကနေလည်း မကြာခဏဂိုးသွင်းယူလေ့ရှိတဲ့သူပါ။ သူက ကွင်းထဲမှာ အမြဲပြေးလွှားနေတယ်။ အဲဒါကြောင့် ပြိုင်ဘက်နောက်ခံလူတွေအနေနဲ့ သူ့ကိုထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ အသင်းဖော်တွေကတော့ သူ့ကိုအလွယ်တကူ ရှာတွေ့ပြီး ဘောလုံးပေးပို့မှုတွေ ပြုလုပ်ပေးနိုင်တာ အားသာချက်ပါပဲ" ဟုပြောကြားခဲ့သည်။

Photo: AFP

ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအသင်းရရှိခဲ့သည့် သွင်းဂိုး (၄)ဂိုးစလုံးကို အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကသွင်းယူပေးထားပြီး  စပိန်အသင်းနည်းတူ (၄)မှတ်စီရရှိထားသည်။   ပေါ်တူဂီအသင်းသည် စပိန်အသင်းနှင့် ရမှတ်၊ ရဂိုး အားလုံးတူညီလျက်ရှိသော်လည်း နောက်ဆုံးပွဲစဉ်တွင် (၃)မှတ်ရရှိထားသည့်အီရန်နှင့်တွေ့ဆုံ ရမည်ဖြစ်ရာ နောက်တစ်ဆင့်အတွက် အနိမ့်ဆုံးသရေကစားရန် လိုအပ်နေသည်။

Most Read

Most Recent