ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 29 September 2018

ဝက်စ်ဟမ်း နှင့် မန်ယူ (စနေည ၆း၀၀ နာရီ)

ဝက်စ်ဟမ်းက ချယ်လ်ဆီးနဲ့ပွဲမှာ သရေကစားခဲ့ပြီး ယာမိုလန်ကို၊ အန်ဒါဆန်၊ အန်တိုနီယိုတို့ တိုက်စစ်က ပုံစံကောင်းပြခဲ့တယ်။ ဒီအတိုင်းဆိုရင် မန်ယူကို ပိုပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ တန်ပြန်တိုက်စစ်ကစားရတဲ့ပွဲမှာ အလုပ်ဖြစ်ပြီး တိုက်စစ်ချင်းယှဉ်ကစားတဲ့ပွဲမှာတော့ ဝက်စ်ဟမ်း ခြေပျက်သွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိခြေအရတော့ သရေပါပဲ။

အာဆင်နယ် နှင့် ဝက်ဖို့ဒ် (စနေည ၈း၃၀ နာရီ)

ဝက်ဖို့ဒ်က ဆက်တိုက်နိုင်ခဲ့ပြီးတော့ မန်ယူကို အိမ်ကွင်းမှာရှုံးပြီး ဖူလ်ဟမ်နဲ့ သရေကျခဲ့တယ်။ တကယ်တော့ စပါးကို အနိုင်ရခဲ့တဲ့ ပွဲမှာကတည်းက ဝက်ဖို့ဒ်ရဲ့ခြေက သာမန်အဆင့်ထက်မပိုတော့ဘူး။ စပါး ညံ့လွန်းတာနဲ့ ဝက်ဖို့ဒ်ရဲ့အခွင့်အရေးတွေက ဂိုးတွေအဖြစ် ပြောင်းလဲသွားလို့အနိုင်ရခဲ့တာဖြစ်တယ်။ အာဆင်နယ်ကတော့ ဆက်တိုက်နိုင်ပွဲဆက်နေပြီး ပုံစံကောင်းပြနေတယ်။ ကစားသမားတွေလည်း ယုံကြည်မှုရှိလာတာကိုတွေ့ရတယ်။ ပြဿနာက ခြေစွမ်းပဲ။ အာဆင်နယ်ရဲ့ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်လို့ ပြောဖို့ခက်တယ်။ ခံစစ်မှာလည်း ပြဿနာရှိတယ်။ တိုက်စစ်မှာလည်း အူဘာမီယန်းက ပြဿနာဖြစ်နေတယ်။ အာဆင်နယ်နဲ့ အံဝင်တဲ့ကစားပုံမျိုးမဟုတ်ဘူး။ ဂိုးတွေသွင်းပေးနေတာကြောင့်သာ အသုံးဝင်တယ်လို့ ပြောရမယ့် ပုံစံဖြစ်နေပြီး တကယ်တမ်း အာဆင်နယ် ခြေစွမ်းပြဖို့အတွက်က လာကာဇက်၊ ရမ်ဆေး၊ အိုဇေးလ်တို့ရဲ့ တစ်ဦးချင်း ခြေစွမ်းအပေါ် မူတည်နေတာတွေ့ရတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့အကောင်းဆုံးမဟုတ်သေးဘူးဆိုတဲ့ ခြေစွမ်းက ဝက်ဖို့ဒ်ထက် တော့ ပိုကောင်းပါတယ်။ ဒ့ါအပြင် သွင်းဂိုးတွေပုံမှန်ရနေတဲ့ တိုက်စစ်၊ Current Form နဲ့အတူ ရနေတဲ့ ယုံကြည်မှုတွေကြောင့် အိမ်ကွင်းမှာ နိုင်ပွဲဆက်ဦးမယ်။

အဲဗာတန် နှင့် ဖူလ်ဟမ် (စနေည ၈း၃၀ နာရီ)

အဲဗာတန်က အရည်အသွေးမြင့်ကစားဟန်ဆီကို သွားချင်နေတယ်။ ဒါပေမဲ့ ဒီကစား ဟန်ကို မကစားနိုင်ဘူး။ Diagonal Passes တွေနဲ့ တောင်ပံနှစ်ဖက်ကို ချိတ်ကစားပုံမဆိုးဘူး။ ကျန်တဲ့အပိုင်းတွေမှာ အကုန်အားနည်းနေပါတယ်။ ဖူလ်ဟမ်ကတော့ တော်တော်ညံ့တဲ့ ခံစစ်ကစားပုံကို ပြသနေတဲ့အသင်းပါ။ ဂိုးတွေလည်း ခပ်လွယ်လွယ်ခွင့်ပြုလေ့ရှိပါတယ်။ ဒီပွဲက ဂိုးများနိုင်တယ်။ အဲဗာတန် ကပ်နိုင်ဖို့ရှိတယ်။

ဟတ်ဒါဖီးလ် နှင့် စပါး (စနေည ၈း၃၀ နာရီ)

ဟတ်ဒါဖီးလ်က ရလဒ်တွေကျဆင်းနေသလို၊ အသင်းကြီးတွေကို တောင့်ခံနိုင်စွမ်း မရှိတဲ့အနေအထားကိုလည်း တွေ့ရတယ်။ တိုက်စစ်အားနည်းသလို၊ ခံစစ်ကလည်း အရည်အသွေးနိမ့်ပါတယ်။ စုစည်းမှုတစ်ခုတည်းနဲ့ အသင်းကို တည်ဆောက်ထားရသလိုဖြစ်နေပြီး စပါးကို ခံကစားနိုင်မယ့်အနေအထားမရှိဘူး။ ရာသီစကတည်းက အဝေးကွင်းပွဲတွေ နဲ့ ယဉ်ပါးနေတဲ့ စပါးအတွက် ဒီပွဲက ပြဿနာမရှိနိုင်ပါဘူး။

မန်စီးတီး နှင့် ဘရိုက်တန် (စနေည ၈း၃၀ နာရီ)

မန်စီးတီးရဲ့တိုက်စစ်က ခြေစွမ်းကောင်းရုံတင်မဟုတ်ဘူး အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြိုင်ဘက်ခံစစ်ကို ဖြိုနိုင်စွမ်းရှိတယ်။ ရာသီအစက ဂိုးတွေသွင်း၊ နိုင်ပွဲတွေရတဲ့ ပုံစံထက် နောက်ပိုင်းပွဲတွေမှာ ပိုကေင်းလာတယ်လို့တောင်ပြောနိုင်တယ်။ ဘရိုက်တန်က စုစည်းမှုကောင်းတယ်၊ ကစားပုံကျစ်လျစ်တယ်၊ ဖြစ်သင့်တဲ့ရလဒ်ကို ထိန်းယူတတ်တယ်။ ဒါကြောင့် ဂိုးအများကြီးမပြတ်အောင်တော့ ကစားနိုင်လိမ့်မယ်။

နယူးကာဆယ် နှင့် လက်စတာ (စနေည ၈း၃၀ နာရီ)

နယူးကာဆယ်က အသင်းကြီး (၃)သင်းစလုံးကို အကြိတ်အနယ်ကစားခဲ့ပြီး၊ အ သင်းကောင်းတစ်သင်းဖြစ်တဲ့ ပဲလေ့စ်ကိုလည်း ဂိုးမပေးရအောင်ကစားနိုင်ခဲ့တယ်။ အသင်းရဲ့ခံစစ်ရော၊ ဟန်ချက်ပါ သိသိသာသာတိုးတက်လာပါတယ်။ လက်စတာက နယူးကာဆယ်ထက် ခြေစွမ်းရော၊ ရလဒ်ပါ ပိုသာပေမယ့် လက်ရှိနယူးကာဆယ်ရဲ့ခြေစွမ်းအရဆို ရင် အိမ်ကွင်းမှာ အမှတ်ယူနိုင်ပါတယ်။

ဝုလ်ဗ် နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)

ကစားဟန်ချင်းနည်းနည်းဆင်တယ်။ ဒါပေမဲ့ ဝုလ်ဗ်အသင်းက ပိုကျစ်လျစ်ပြီး ပိုကောင်းပါတယ်။ မော်တင်ဟို-နေးဗတ်စ်အတွဲကြောင့် တော်ရုံအသင်းကြီးတွေကို ယှဉ်ကစားနိုင်တဲ့အနေအထားရှိတယ်။ ဒီရာသီမှာ မန်ချက်စတာနှစ်သင်းကို သရေကစားနိုင်ခဲ့တာက ဝုလ်ဗ်ရဲ့ကွင်းလယ်ကြောင့်ပါ။ ဆောက်သမ်တန်ကစားပုံမဆိုးပေမယ့် ဝုလ်ဗ်ကွင်း မှာ ရှုံးဖို့များပါတယ်။

ချယ်လ်ဆီး နှင့် လီဗာပူးလ် (စနေည ၁၁း၀၀ နာရီ)

AFP PHOTO / Glyn KIRK / RESTRICTED TO EDITORIAL

ဆာရီ ဝန်ခံထားသလိုပဲ ချယ်လ်ဆီးရဲ့လက်ရှိအနေအထားက လီဗာပူးလ်ကို မမီပါဘူး။ လီဗာပူးလ်ရဲ့ ရှေ့၊ လယ်၊ နောက် ဟန်ချက်မျိုးက ချယ်လ်ဆီးမှာ မရှိဘူး။ ချယ်လ်ဆီးရဲ့ခံစစ်က ပြဿနာရှိပြီး လီဗာပူးလ်တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ယုံကြည်လို့ရတဲ့အနေအထားမဟုတ်ဘူး။ ချယ်လ်ဆီးကွင်းလယ်မှာ ဂျော်ဂျင်ဟို ခြေစွမ်းပြနေတယ်လို့ ပြောနိုင်ပေမယ့် တစ်ခြမ်းသန် ကစားသမားတွေလိုဖြစ်နေတာ ငြင်းလို့မရဘူး။ ဂျော်ဂျင်ဟိုရဲ့ ကွင်းလယ်ထိန်းချုပ်မှုနဲ့ တိုက်စစ်ကို ပံ့ပိုးမှုတွေက အားရစရာကောင်းပေမယ့် သူ့ဆီမှာ ခံစစ်အမြင်နဲ့ တစ်ဦးချင်းလိုက်ကပ်ကစားပုံအားနည်းတယ်။ Interception တွေကိုပဲ အားကိုးရပြီး ကစားကွက်အရမ်းကျပ်လာရင် ဘောလုံးဖြန့်ဝေမှုမှာလည်း ပြဿနာရှိတာကို တွေ့ရတယ်။ ကွန်တေက ခံစစ်အားသန်ပြီး တိုက်စစ်ကစားပုံကသာမန်အဆင့်ပဲရှိတယ်။ ဒါပေမဲ့သူက ညာတောင်ပံနဲ့တိုက်စစ်ကိုရောက်နေပြီး ကိုဗာချစ်ကတော့ ရာသီအစကတည်းက အားထားရတဲ့ကစားပုံကိုပြခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းဘယ်အ ပိုင်းမှာမှ အားကိုးလို့ မရတဲ့အနေအထားဖြစ်သွားတယ်။ လီဗာပူးလ်အကြောင်းက သိပ်ပြောစရာမရှိဘူး။ အားလုံးပြည့်စုံနေပြီး ယုံကြည်မှုအမြင့်ဆုံး ကိုရောက်နေတယ်။ လီဗာပူးလ်ကိုပဲ ကြိုက်တယ်။