ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၆)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၆)
Published 9 November 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

written by: မြတ်ထွဋ်

■ အပေးအယူမျှသူ နှစ်ဦး
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အရင်နည်းပြတွေဖြစ်တဲ့ မော်ရင်ဟို၊ ဘင်နီတက်ဇ်တို့နဲ့ ဆက်ဆံရေးမှာ စီရော်နယ်လ်ဒိုအတွက်အတွင်းကြိတ် အဖုအထစ်လေးတွေရှိခဲ့ပေမယ့် လက်ရှိနည်းပြ ဇီဒန်းနဲ့သူ့အကြားမှာတော့ ဆက်ဆံရေးအတော်ပြေလည်တယ်လို့ ဆိုရမှာပါ။ စီရော်နယ်လ်ဒိုရဲ့စိတ်ကိုသိနေတဲ့ ဇီဒန်းကမီဒီယာတွေနဲ့တွေ့ဆုံရာမှာ သူ့အကြိုက်စကားလုံးလှလှလေးတွေနဲ့ တန်ဆာဆင်ပြီးပြောတတ်သလို၊ တစ်ခါတစ်ရံ စပိန်မီဒီယာတွေက မသိမသာသွေးထိုးတဲ့ အဆူအဖွမေးခွန်းတွေမေးလာခဲ့ရင်လည်း ဆင်ဝှေ့ရန်ရှောင်အသာအယာတိမ်းရှောင်ပြီး ပညာသားပါပါ ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် ဇီဒန်းလက်ထက်မှာ ရီးယဲလ်အသင်းရလဒ်ကောင်းလာသလို စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်ကလည်း ဘင်နီတက်ဇ်လက်ထက် ပထမရာသီဝက်ထက်ပိုပြီး ကောင်းမွန်လာခဲ့ပါတယ်။ ဇီဒန်းအနေနဲ့အသင်းမှာ စီရော်နယ်လ်ဒိုရဲ့အရေးပါမှုကို အသိအမှတ်ပြုခဲ့တာကိုလည်း အင်တာဗျူးအချို့မှာ ထင်ထင်ရှားရှားတွေ့ မြင်ရပါတယ်။ စီရော်နယ်လ်ဒိုဟာ အသင်းအတွက် အဓိကအကျဆုံးကစားသမားတစ်ဦးလားလို့ စပိန်သတင်းစာတစ်စောင်က မေးမြန်းခဲ့ရာမှာ ဇီဒန်းက "မှန်ပါတယ်။ သူ့အနေနဲ့ ဒါနဲ့ထိုက်တန်တယ်လို့လည်း ကျွန်တော်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ပုံရိပ်နဲ့ စွမ်းဆောင်မှုတွေကြောင့်ပါ။ သူမကစားနိုင်တဲ့အခါမှသာ အသင်းမှာ သူအနားယူပါတယ်။ ပွဲကစားရင်လည်း အာရုံစူးစိုက်မှုအပြည့်နဲ့ ကြိုးစားကစားသူပါ" လို့ ဇီဒန်းက ဖြေကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ဇီဒန်းရဲ့နည်းပြအလုပ်မှာ ဝင်ရောက်စွက်ဖက်ခဲ့တာတောင် ဇီဒန်းကမာန်မာနမထားဘဲ ခွင့်ပြုခဲ့သလို၊ အပြန်အလှန်အားဖြင့် ဇီဒန်းရဲ့ဆုံးဖြတ်ချက်တွေကိုလည်း စီရော်နယ်လ်ဒိုက အရင်နည်းပြတွေနဲ့မတူဘဲ အသာတကြည်လိုက်နာခဲ့ပါတယ်။ ဗလင်စီယာနဲ့ကစားတဲ့ပွဲမှာ ဇီဒန်းဟာ ကွင်းထဲကဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဟယ်ဆေးနဲ့လူစားလဲဖို့ စီစဉ်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့ အကြံပြုချက်ကြောင့် ဗက်ဇ်ကေးကို လူစားလဲခဲ့ကြောင်း စပိန်ဘောလုံးရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ El Dia Despues မှာ ရုပ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ကွင်းဘေးစည်းက နည်းပြထိုင်ခုံနားကို ရောက်ရှိလာပြီး ကွင်းထဲက ဘယ်သူ့ကို ထုတ်သင့်တယ်ဆိုတာ ဇီဒန်းကို ပြောကြားခဲ့တယ်လို့ ဒီသတင်းစာကဖော်ပြခဲ့တာပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဇီဒန်းဟာ စီရော်နယ်လ်ဒိုကို နောက်ခံလူ အာဘီလိုအာနဲ့ လူစားလဲခဲ့ပါတယ်။ ဒီလိုဆုံး ဖြတ်ရာမှာတော့ ဇီဒန်းဟာ စီရော်နယ်လ်ဒိုနဲ့ တိုင်ပင်ခြင်းမရှိဘဲ သူ့သဘောနဲ့သူ လူစားလဲခဲ့တာပါ။ ဒီလူစားလဲမှုဟာ အဲဒီရာသီလာလီဂါပြိုင်ပွဲမှာ စီရော်နယ်လ်ဒိုအတွက် ပထမဆုံးလူစားလဲခံရမှုလည်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ သူ့ကို လူစားလဲမှန်းသိချိန်မှာ အံ့အားသင့်သွားခဲ့ပေမယ့် ထူးထူးခြားခြားမတုံ့ပြန်ခဲ့ဘဲ ပခုံးလှုပ်ပြတာလောက်ပဲ ပြုလုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ နည်းပြဖြစ်သူဇီဒန်းရဲ့ ဆုံးဖြတ်ချက်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာခံတဲ့သဘောကို စီရော်နယ်လ်ဒိုက ပြသခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ရီးယဲလ်ရဲ့ ဂန္ထဝင်ကစားသမားဇီဒန်းနဲ့ တစ်ချိန်မှာဂန္ထဝင်ဖြစ်လာမယ့် စီရော်နယ်လ်ဒိုတို့ရဲ့ နည်းပြ-ကစားသမားဆက်ဆံရေးဟာ အပေးအယူမျှတနေပြီး အသင်းရဲ့အောင်မြင်မှုအတွက် အကျိုးရှိစေခဲ့ပါတယ်။

■ စံချိန်တင်နိုင်ပွဲဆက်
ရီးယဲလ်မက်ဒရစ်အသင်းကို ဇီဒန်းရောက်ရှိပြီး (၄)လအကြာမှာ အသင်းအနေနဲ့ ပြိုင်ပွဲစုံ (၁၉)ပွဲနိုင်ပွဲရရှိခဲ့ပြီး ရှုံးပွဲက (၂)ပွဲသာရှိခဲ့ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့လည်း ဒီကာလအတွင်းကစားခဲ့တဲ့ ပွဲစဉ် (၂၂)ပွဲမှာ (၂၂)ဂိုးသွင်းယူခဲ့ပြီး အသင်းရဲ့ရလဒ်ကောင်းတွေကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖန်တီးပေးခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ပထမရာသီဝက်လာလီဂါပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားခဲ့ပြီး အဓိကပြိုင်ဘက်ဘာစီလိုနာ၊ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်တို့နဲ့ အမှတ်ကွာဟခဲ့ပေမယ့် ပွဲစဉ်(၂၇)ကစပြီး ရာသီကုန်အထိ နိုင်ပွဲဆက်တိုက်ယူနိုင်ခဲ့တာကြောင့် ရာသီကုန်ဆုံးချိန်မှာ ချန်ပီယံဘာစီလိုနာနဲ့ တစ်မှတ်အကွာ ဒုတိယနေရာကို ရရှိခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိခဲ့ပြီး ဒီပို့တီဗိုအသင်းကို အဝေးကွင်းမှာ(၂-ဝ)ဂိုးနဲ့ အနိုင်ကစားခဲ့ပေမယ့် ဇယားထိပ်ဆုံးက ဘာစီလိုနာကလည်း နောက်ဆုံးပွဲစဉ်မှာ အမှားအယွင်းအဖြစ်မခံဘဲ ဂရန်နာဒါအသင်းကို အနိုင်ကစားခဲ့တာကြောင့် ရီးယဲလ်အသင်းအနေနဲ့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဘာပဲပြောပြော မြို့ခံပြိုင်ဘက်အသင်းကို ပြန်ပြီးကျော်တက်နိုင်ခဲ့တာက ရီးယဲလ်မက်ဒရစ်ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

နောက်ထပ်ကျေနပ်စရာတစ်ခုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲထိတက်ရောက်နိုင်ခဲ့တာပါပဲ။ ဆီမီးဖိုင်နယ်အဖြစ် မန်စီးတီးနဲ့ ကစားခဲ့ရာမှာ ပထမအကျော့အဝေးကွင်းမှာ ဂိုးမရှိသရေ၊ ဒုတိယအကျော့ အိမ်ကွင်းမှာ(၁-ဝ) ဂိုးရလဒ်နဲ့ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၁၄ ဗိုလ်လုပွဲလိုပဲ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ထိပ်တိုက်ပြန်ပြီးဆုံတွေ့ခဲ့ပါတယ်။ ဒီချန်ပီယံလိဂ်ဗိုလ်လုပွဲက စီရော်နယ်လ်ဒိုအတွက် (၄)ကြိမ် မြောက်ဗိုလ်လုပွဲဖြစ်ပြီး ဒီရာသီဖလားက သူ့အတွက် (၃)ကြိမ်မြောက်ရယူရမယ့် ဖလားလည်း ဖြစ်ပါတယ်။ ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်အောင်ပွဲက အရေးကြီးသလို စီရော်နယ်လ်ဒိုအတွက်လည်း၂၀၁၆ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရယူဖို့အတွက် ဒီအောင်မြင်မှုက အတိုင်းအတာတစ်ရပ်အနေနဲ့ အရေးပါနေပါတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့က ဆန်စီရိုကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမတိုင်မီ စီရော်နယ်လ်ဒိုက သူ့အနေနဲ့ ၂၀၁၄ ဗိုလ်လုပွဲထက် ပိုကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ ပြောခဲ့ပါတယ်။ ရီးယဲလ်အသင်း (၁၀)ကြိမ်မြောက် La Decima ဖလားရခဲ့တဲ့ ၂၀၁၄ ဗိုလ်လုပွဲတုန်းက စီရော်နယ်လ်ဒိုဟာ တံကောက်ကြောဒဏ်ရာရှိနေတဲ့ကြားထဲက ကစားခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ စီရော်နယ်လ်ဒိုတင်မကဘဲ ရီးယဲလ်အသင်းအနေနဲ့လည်း ကစားသမားစုဖွဲ့မှု၊ လက်ရှိခြေစွမ်း၊ အသင်းသားအချင်းချင်းနားလည်မှု၊ နည်းပြနဲ့ ကစားသမားအပေးအယူမျှတမှု၊ အရံကစားသမားအင်အားတောင့်တင်းမှု အစရှိတာတွေနဲ့ ပြီးပြည့်စုံပြီး အားရစရာကောင်းတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ အသင်းကွင်းလယ်မှာ အရင်နည်းပြဘင်နီတက်ဇ် ယုံယုံကြည်ကြည်ပွဲ ထုတ်ခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူကက်စမဲရိုးက အသင်းအတွက်များစွာ အကျိုးပြုနေသလို ဟယ်ဆေး၊ အစ္စကို၊ ဗက်ဇ်ကေးအစရှိတဲ့ အရံကစားသမားတွေကလည်း ပထမကစားသမားတွေရဲ့နေရာကို အစားထိုးပြီး အသင်းပုံစံမပျက်အောင် ကစားနိုင်သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း ဂရစ်ဇ်မန်း၊ တောရက်စ်၊ ဆာအူလ်၊ ကာရက်စ်ကို၊ ကိုကေအစရှိတဲ့ ကစားသမားတွေစုဖွဲ့မှုနဲ့ ခြေစွမ်းမြင့်မားတဲ့အသင်း တစ်သင်းဖြစ်တာကြောင့် ရီးယဲလ်အသင်းအတွက် လွယ်ကူတဲ့ ပွဲတစ်ပွဲတော့မဟုတ်ခဲ့ပါဘူး။

၂၀၁၄ ဗိုလ်လုပွဲတုန်းက နောက်ဆုံးမိနစ်မှချေပဂိုးပေးခဲ့ရပြီး အချိန်ပိုမှာ(၁-၄)ဂိုးနဲ့ရှုံးနိမ့်ခဲ့ရတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ရှုံးကြွေးဆပ်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ ပွဲချိန်(၁၅)မိနစ်မှာ ရီးယဲလ်နောက်ခံလူရာမို့စ်က အငြင်းပွားဖွယ် လူကျွံဘောအနေအထားကနေဦးဆောင်ဂိုးသွင်းယူခဲ့ပြီး၊ အက်သလက်တီကိုအသင်းအတွက်လူစားဝင်လာတဲ့ ကာရက်စ်ကိုက ပွဲချိန်(၇၉)မိနစ်မှာပြန် ချေပခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ အက်သလက်တီကိုရရှိတဲ့ပယ်နယ်တီကို ဂရစ်ဇ်မန်းဝင်အောင်မသွင်းနိုင်ခဲ့တာကလည်း ရီးယဲလ်အသင်းအတွက် ကံကောင်းစေခဲ့ပါတယ်။

■ ရင်ခုန်လှိုက်မောရတဲ့ ပယ်နယ်တီ
အချိန်ပိုအပါအဝင် ပွဲချိန်(၁၂၀)မိနစ်အထိ (၁-၁)ဂိုးနဲ့သရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရဖို့ ဖြစ်လာပါတယ်။ ပယ်နယ်တီအတွက်စာရင်းပေးရာမှာ နောက်ဆုံးအနိုင်ဂိုး ဖြစ်စေမယ့် (၅)လုံးမြောက်ပယ်နယ်တီကို သူကန်မယ်လို့ နည်းပြဖြစ်သူဇီဒန်းထံ စီရော်နယ်လ်ဒိုက တောင်းဆိုခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၁၂ ဆီမီးဖိုင်နယ် စပိန်-ပေါ်တူဂီပွဲတုန်းကလည်း အခုလိုပဲ (၅)လုံးမြောက်ပယ်နယ်တီကို ကန်ဖို့စာရင်းပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့ရှေ့ကကန်တဲ့ မော်တင်ဟိုနဲ့ ဘရူနိုအဲလ်ဗတ်စ်တို့မဝင်ခဲ့တာကြောင့် နောက်ဆုံးပယ်နယ်တီကို မကန်ခဲ့ရဘဲ ပေါ်တူဂီအသင်းအရေးနိမ့်ခဲ့ပါတယ်။ အဲဒီတုန်းက စီရော်နယ်လ်ဒိုဟာ သူရဲကောင်းဖြစ်ချင်တာကြောင့် နောက်ဆုံးပယ်နယ်တီအနိုင်ဂိုးကို ကန်သွင်းလိုတာလို့ ပေါ်တူဂီမီဒီယာတွေက ဝေဖန်ခဲ့ဖူးပါတယ်။ ဒါကိုအမှတ်မရှိတဲ့ စီရော်နယ်လ်ဒိုဟာ ဒီဗိုလ်လုပွဲမှာ နောက်ဆုံးပယ်နယ်တီကန်ဖို့ ထပ်ပြီးစီစဉ်ခဲ့တာပါ။

ဒီဗိုလ်လုပွဲအတွက် သူအသင့်ဖြစ်နေပြီလို့ ပွဲမတိုင်ခင် ကြုံးဝါးခဲ့ပေမယ့် တကယ်ပွဲကစားရာမှာတော့ စီရော်နယ်လ်ဒိုဟာခြေစွမ်းသိပ်မပြနိုင်ဘဲ ခြေထောက်နာကျင်တဲ့ ဒဏ်ကိုလည်းခံစားခဲ့ရပါတယ်။ ပယ်နယ်တီမကန်ခင် အကြောဖြေလျှော့မှု ပြုလုပ်ရာမှာ စီရော်နယ်လ်ဒိုက သူ့ရဲ့ခြေထောက်တွေနာကျင်တာကြောင့် "သွားပါပြီကွာ၊ ငါ့ခြေထောက်တွေတော့ သုံးစားမရတော့ပါဘူး၊ သူတို့ (အက်သလက်တီကိုအသင်း)တော်တော်ကစားနိုင်တာပဲ။ ငါတော်တော်ရုန်းလိုက်ရတယ်" လို့ အသင်းဖော်တွေကိုညည်းတွားပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ရီးယဲလ်က ပထမပယ်နယ်တီ(၄)လုံးစလုံးဂိုးဝင်ခဲ့ပြီး အက်သလက်တီကိုအသင်းက စတုတ္ထမြောက်ပယ်နယ်တီကို ဟွမ်ဖရန်လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် (၅)လုံးမြောက်ကန်ရမယ့် ပယ်နယ်တီဟာ ရီးယဲလ်အသင်းချန်ပီယံလိဂ် ဖလားရရှိဖို့ အဆုံးအဖြတ်ပယ်နယ်တီဖြစ်လာပါ တယ်။ စီရော်နယ်လ်ဒိုဟာ ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ချယ်လ်ဆီးအသင်းဘက်ကို ပယ်နယ်တီလွဲချော်တဲ့ တစ်ဦးတည်းသော မန်ယူကစားသမားဖြစ်ခဲ့သလို၊ ၂၀၁၂ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ရီးယဲလ်-ဘိုင်ယန်မြူးနစ်ပွဲမှာလည်း ပထမဆုံးပယ်နယ်တီကို လွဲချော်ခဲ့သူပါ။ ပယ်နယ်တီမကန်ခင် "သူ့ရဲ့ခြေထောက်တွေသွားပါပြီ"လို့ စီရော်နယ်လ်ဒိုညည်းတွားခဲ့တာနဲ့ သူ့ရဲ့ပယ်နယ်တီ အတိတ်အမည်းစက်က ရီးယဲလ်အသင်းဖော်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပြီး ဒီပယ်နယ်တီကို ရင်ဖိုလှိုက်မောစွာနဲ့ စောင့်ကြည့်ခဲ့ကြရပါတယ်။ စီရော်နယ်လ်ဒိုဟာ အက်သလက်တီကိုဂိုးသမား အိုဘလက်ခ်ရဲ့ ဘယ်ဘက်ကိုအမှားအယွင်းမရှိ ကန်သွင်းယူလိုက်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကို (၁၁)ကြိမ်မြောက်ချန်ပီယံလိဂ်အောင်ပွဲရယူပေးလိုက်ပါတယ်။ ဆန်စီရိုကွင်းရဲ့ မြက်ခင်းပြင်ပတ်လမ်းတစ်လျှောက်ပြေးလွှားခဲ့ပြီး အင်္ကျီကိုချွတ်ကာ အော်ဟစ်အောင်ပွဲခံပြီးနောက် စီရော်နယ်လ်ဒိုက "ဒီပယ်နယ်တီမလွဲနိုင်ဘူးဆိုတာ ကျွန်တော်ကြိုသိနေပါတယ်"လို့ သတင်းထောက်တွေကို ဝံ့ဝံ့ကြွားကြွားပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ကစားသမားဘဝမှာ သမိုင်းမှတ်တိုင်တစ်ခုရေးထိုးနိုင်ခဲ့တာလည်းဖြစ်ပြီး သူ့အနေနဲ့ဘောလုံးသမိုင်းမှာ တတ်နိုင်သရွေ့အောင်မြင်မှုတွေရယူပြီး မော်ကွန်းရေးထိုးသွားမယ်လို့ ကြုံးဝါးခဲ့တဲ့စကားအတိုင်း ရီးယဲလ်အသင်းမှာ တစ်ဦးချင်းအောင်မြင်မှုတွေရော ကလပ်အသင်းအောင်မြင်မှုတွေပါ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅-၁၆ ဘောလုံးရာသီပြိုင်ပွဲစုံမှာ စီရော်နယ်လ်ဒိုဟာ သွင်းဂိုးစုစုပေါင်း(၅၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ(၁၆) ဂိုးသွင်းယူခဲ့ပြီး (၄)ရာသီဆက်ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။

■ အနာဂတ်အစီအစဉ်များ
စီရော်နယ်လ်ဒိုဟာ ဘောလုံးလောကမှာ အောင်မြင်မှုတွေရရှိနေချိန်မှာတောင် သာယာမနေဘဲ သူ့ရဲ့အနာဂတ်လက်ကျန်ဘဝအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်ဆိုတာ ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။ "ဘောလုံးလောကမှာ ရရှိတဲ့အောင်မြင်မှုတွေက ကျွန်တော့်ကို ကျေနပ်ပျော်ရွှင်စေပါတယ်။ ဒါပေမဲ့ ကျွန်တော် လုပ်စရာတွေများစွာ ရှိနေပါသေးတယ်။ ငယ်တုန်း ရွယ်တုန်း အနာဂတ်အတွက် ကြိုတင်ပြင်ဆင်တည်ဆောက်ရတာပါ။ ကျွန်တော့်အသက်(၂၇)နှစ်အရွယ်ကတည်းက ကျွန်တော့်ရဲ့ကိုယ်ပိုင်ဖက်ရှင် လမ်းကြောင်းတစ်ခုကို စတင်ခဲ့တာပါ။ ကျွန်တော့် အနေနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို ကမ္ဘာတစ်လွှားပျံ့နှံ့စေဖို့ အလိုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်(၆)နှစ်၊ (၇)နှစ်လောက်ကြာရင် ကျွန်တော့်ရဲ့ဘောလုံးသမားဘဝက ပြီးဆုံးသွားမှာပါ။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ နောက်ဘဝတစ်ခုကို စတင်ရမှာပါ။ အဲဒီအချိန်မှ စလုပ်မယ်ဆိုရင် ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို ဘောလုံးသမားဘဝကနားရင် နည်းပြလုပ်မှာလား လို့ မေးခဲ့မယ်ဆိုရင်တော့ No လို့ပဲ ဖြေရပါလိမ့်မယ်။ အသင်းဒါရိုက်တာ၊ အသင်းဥက္ကဋ္ဌအစရှိတာ တွေလည်းမလုပ်ချင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ၂၀၁၅ နှစ်ကုန်ပိုင်းကတည်းက သူ့ရဲ့ဇာတိမြေမာဒဲရားကျွန်းက သန်း ကြွယ်သူဌေး ဒီယိုနီစီယိုပတ်စ်တာနာပိုင်ဆိုင်တဲ့ Pestana Hotel Group နဲ့ ပါတနာဖွဲ့ခဲ့ပြီး နှစ်ဦးနှစ်ဖက်အကျိုးတူလုပ်ငန်းတွေပြုလုပ်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ Pestana နဲ့ သူ့ရဲ့ CR7 အမှတ်တံဆိပ်နှစ်ခုပူးပေါင်းပြီး Pestana CR7 ဟိုတယ်ကြီးတွေကိုဖန်ချယ်လ်၊ လစ္စဘွန်း၊ မက်ဒရစ်၊ နယူးယောက်အစရှိတဲ့မြို့တွေမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဖန်ချယ်လ်မြို့မှာဖွင့်လှစ်ခဲ့တဲ့ Pestana CR7 ဟိုတယ်ဘေးမှာ စီရော်နယ်လ်ဒိုရဲ့ကစား သမားဘဝဖြတ်သန်းမှုဓာတ်ပုံတွေ၊ အမှတ်တရ ပစ္စည်းတွေနဲ့ ဆုတံဆိပ်တချို့ကိုပြသထားတဲ့ ပြတိုက်လည်းရှိပါတယ်။ အဲဒီရှေ့မြေကွက်လပ်မှာ စီရော်နယ်လ်ဒိုရဲ့ ကြီးမားတဲ့ကြေးရုပ်တုကြီးကိုလည်း တည်ဆောက်ပြသထားပါတယ်။ ဧရိယာ အကျယ်အဝန်း(၁၄၀၀)စတုရန်းမီတာကျယ်ဝန်းတဲ့ မြေကွက်လပ်ကြီးပေါ်မှာ ဒီပြတိုက်နဲ့ ဟိုတယ်ကို ခမ်းခမ်းနားနားတည်ဆောက်ထားတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုက သူ့ကို ဟောလိဝုဒ်ရုပ် ရှင်လောကက ကမ်းလှမ်းမှုရှိခဲ့တယ်ဆိုတာလည်း သူ့ရဲ့အင်တာဗျူးတစ်ခုမှာ ထည့်သွင်းဖြေကြားခဲ့ပါတယ်။ "တစ်နေ့နေ့တစ်ချိန်ချိန် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နိုင်သလား"ဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့မေးခွန်းကို စီရော်နယ်လ်ဒိုက "ဘာလို့မဖြစ်နိုင်ရမှာလဲ။ အရင်ကလည်း ကျွန်တော့်ကို ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။ တစ်နေ့နေ့မှာဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော့်ရဲ့ စီမံကိန်းတွေတိုးတက်လာတာကိုပဲ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ဖိနပ်၊ ဘောင်းဘီ၊ အင်္ကျီ၊ လက်ဝှေ့အိတ်၊ နားကြပ်အစရှိတဲ့ ပစ္စည်းအသီးသီးကို ကျွန်တော့်ရဲ့နာမည်ပါတဲ့အမှတ်တံဆိပ်နဲ့ နေရာအသီးသီးကို ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပါတယ်။ "ခရစ္စတီယာနိုရော်နယ်လ်ဒို" ဆိုတဲ့အမည်ဟာ ထာဝရတည်မြဲနေမှာပါ"လို့ပြောခဲ့ပါတယ်။

■ ရီးယဲလ်မှာပဲ အဆုံးသတ်မလား
၂၀၁၅ ခုနှစ်အတွင်း ရီးယဲလ်အသင်းက ထွက်မယ်လို့ လေသံပစ်ခဲ့ဖူးတဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၁၆ ခုနှစ်အတွင်း နည်းပြဇီဒန်းနဲ့ အဆင်ပြေလာ၊ အသင်းအောင်မြင်မှုတွေရရှိလာရာမှာတော့ ရီးယဲလ်မှာပဲ သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်တော့မယ်လို့ ဆိုလာပြန်ပါတယ်။ တကယ်တမ်းပြောရရင် စီရော်နယ်လ်ဒိုရဲ့ တစ်နှစ်လစာငွေ ယူရို(၂၅)သန်းနဲ့ ယူရိုသန်း(၇၀)ထက် မနည်းနိုင်တဲ့ပြောင်းရွှေ့ကြေးကိုပေးနိုင်တဲ့အသင်းက နည်းပါးလွန်းပါတယ်။ မန်ယူ၊ PSG အစရှိတဲ့ အသင်းတွေက သူ့ကိုခေါ်ဖို့စိတ်ဝင်စားတယ်လို့ သတင်းတွေတော့ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်တွေအပေါ်မှာသာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ဆန္ဒရှိတဲ့ မန်ယူအသင်းက အသက်(၃၀)နှစ်ကျော်ပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုကို များပြားတဲ့ငွေပမာဏပေးပြီး ပြန်ခေါ်ဖို့ ဖြစ်နိုင်ခြေသိပ်မရှိသလို၊ PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ ကိုယ်တိုင်က ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နဲ့တွေ့ဆုံရာမှာ စီရော်နယ်လ်ဒိုကိုမခေါ်ပါဘူးလို့ ကတိပေးခဲ့ပါတယ်။

အခြေအနေနဲ့ အချိန်အခါကို တွက်ချက်တတ်တဲ့ စူပါအေးဂျင့် မန်ဒက်စ်က သူ့ကစားသမားကို ရီးယဲလ်နဲ့သက်တမ်းတိုးတာသာ အကောင်းဆုံးလို့ သိမြင်ခဲ့ပါတယ်။ ဒါကြောင့် စီရော်နယ်လ်ဒိုကို စာချုပ်သစ်ချုပ်ဆိုဖို့ ရီးယဲလ်အသင်းတာဝန်ရှိသူတွေကို ကမ်းလှမ်းခဲ့ပါတယ်။ မန်ဒက်စ်အတွက် အားသာစေတဲ့အချက်တစ်ချက်က ရီးယဲလ်မက်ဒရစ်အသင်းဟာ လူငယ်ကစားသမားတွေကိုခေါ်ယူရာမှာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ပင်မှုကို ခံထားရတာပါပဲ။ ၂၀၁၇ ခုနှစ်မတိုင်ခင် ကစားသမားသစ်ခေါ်ယူခွင့်မရှိတာကြောင့် အသင်းက အဓိကကျောရိုး ကစားသမားတွေကို မဆုံးရှုံးရဖို့ကြိုးစားနေရတဲ့ ရီးယဲလ်အသင်းဟာ မန်ဒက်စ်ရဲ့ တောင်းဆိုမှုတွေကို မငြင်းဆန်နိုင်ဘဲ စီရော်နယ်လ်ဒိုကို ၂၀၂၀ (သို့ မဟုတ်) ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိစေမယ့် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုလိုက်ရပါတယ်။ စာချုပ်ချုပ်ဆိုပွဲအပြီးမှာ ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်က စီရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိကမဏ္ဍိုင်ကစားသမားတစ်ဦးဖြစ်တာကြောင့် ဒီအသင်းမှာ သူ့ရဲ့ကစားသမားဘ၀ ကုန်ဆုံးတဲ့အထိရှိစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုကလည်း "လာလီဂါဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြိတ်အနယ်ရှိပြီး ကမ္ဘာ့ထိပ်တန်းကစားသမားတွေ စုပြုံကစားနေတာ ဒီမှာပါ။ ကျွန်တော့်အနေနဲ့ ရီးယဲလ်အသင်းမှာပဲ ကစားသမားဘဝပြီးဆုံးသွားနိုင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Photos: AFP,Gettyimages,CR7,Daily Mail,Mirror,The Sun ...

Most Read

Most Recent