ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၀)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၀)
Published 19 October 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

written by: မြတ်ထွဋ်

■ အန်ဆယ်လော့တီနှင့် . . .

၂၀၁၃-၁၄ ဘောလုံးရာသီမှာ စီရော်နယ်လ်ဒိုအပါအဝင် ရီးယဲလ်မက်ဒရစ်ကစားသမားတွေအနေနဲ့ ထူးခြားတဲ့နည်းပြတစ်ဦးနဲ့ လက်တွဲခဲ့ရပါတယ်။ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ရီးယဲလ်ကစားသမားအများစုအတွက် အရင်နည်းပြတွေနဲ့မတူတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး ရိုးရိုးအေးအေးနေတတ်တဲ့ အန်ဆယ်လော့တီဟာ ကစားသမားတွေဆီက သူလိုချင်တာကိုရအောင် လေသံအေးအေးနဲ့ တောင်းဆိုတတ်သူလည်း ဖြစ်ပါတယ်။ ကစားသမားတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကို အရင်ဆုံးသိအောင်ကြိုးစားပြီးမှ သူလိုတဲ့ပုံစံကိုရအောင် အန်ဆယ်လော့တီက သွတ်သွင်းတာပါ။ စီရော်နယ်လ်ဒိုကိုလည်း တိုက်စစ်မှူးတစ်ဦးအဖြစ် လုံးလုံးလျားလျားကစားစေဖို့ အန်ဆယ်လော့တီက ကြိုးပမ်းခဲ့ပါသေးတယ်။ လက်ရှိ ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးအသင်းနည်းပြပြုလုပ်နေပြီး အဲဒီတုန်းက အန်ဆယ်လော့တီရဲ့ လက်ထောက်နည်းပြဖြစ်ခဲ့တဲ့ ပေါလ်ကလီမန့်က "ကျွန်တော်တို့ ရီးယဲလ်မက်ဒရစ်ကို စတင်တာဝန်ယူချိန်မှာ ကာလို (အန်ဆယ်လော့တီ) က စီရော်နယ်လ်ဒိုကို တိုက်စစ်မှူးစစ်စစ်အဖြစ် ကစားစေဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီရော်နယ်လ်ဒိုက ခံစစ်အတွက် သိပ်ပြီးတာဝန်မယူနိုင်တာကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ကြိုးစားမှုက မအောင်မြင်ခဲ့ပါဘူး။ စီရော်နယ်လ်ဒိုက ကျွန်တော်တို့ အလိုရှိသလို မကစားနိုင်ကြောင်း ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်" လို့ အဲဒီတုန်းကအကြောင်း အရာနဲ့ပတ်သက်ပြီး ပြန်ပြောပြခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ တောင်ပံမှာအတက်အဆင်းလုပ်ပြီးကစားတတ်သူတစ်ဦးမဟုတ်ဘဲ ခံစစ်ကိုကူဖို့ထက် တိုက်စစ်ကိုပဲ အမြဲလိုက်ပါကစားချင်သူ တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်တောင်ပံမှာ စီရော်နယ်လ်ဒိုထက်စာရင် ဒီမာရီယာကပိုပြီး သင့်တော်လိမ့်မယ်လို့ အန်ဆယ်လော့တီက ယူဆခဲ့တာပါ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်း နည်းပြအဖွဲ့နဲ့ တွေ့ဆုံရာမှာ စီရော်နယ်လ်ဒိုက" ကျွန်တော် ဘယ်တောင်ပံမှာကစားပြီး တောင်ပံကနေတိုက်စစ်ဆင်ရတာကိုပဲ ကြိုက်ပါတယ်။ ကျွန်တော် ကစားသမားဘဝတစ်လျှောက်လုံးမှာလည်း ဒီလိုပဲကစားခဲ့တာပါ" လို့ပြန်ပြောခဲ့ပါတယ်။

ကစားသမားတွေရဲ့ဆန္ဒကို အမြဲဦးစားပေးပြီး ဘောလုံးမှာ အရေးကြီးဆုံးကကစားသမားဖြစ်တယ်ဆိုတာကို လက်ကိုင်ထားတဲ့ အန်ဆယ်လော့တီဟာ စီရော်နယ်လ်ဒိုရဲ့ဆန္ဒကို လျစ်လျူမရှုခဲ့ဘဲ လက်သင့်ခံခဲ့ပြီး သူနဲ့ကိုက်ညီမယ့်ကစားကွက်ကို ဖန်တီးပေးခဲ့ပါတယ်။ အန်ဆယ်လော့တီရဲ့ (၄-၃-၃)ကစားကွက်ဟာ စီရော်နယ်လ်ဒိုကို ကစားရတာ သက်သောင့်သက်သာဖြစ်စေခဲ့ပါ တယ်။ ဘယ်တောင်ပံမှာ စီရော်နယ်လ်ဒို၊ ညာတောင်ပံမှာ ဂါရတ်ဘေးလ်တို့ရှိပြီး တိုက်စစ်နံပါတ် (၉)နေရာမှာတော့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာရှိနေပါတယ်။ နောင်တစ်ချိန် ဘာစီလိုနာမှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ MSN တိုက်စစ်အတွဲက နာမည်ကြီးလာသလို၊ ရီးယဲလ်မှာလည်း ဘန်ဇီမာ၊ ဘေးလ်၊ စီရော်နယ်လ်ဒို BBC တိုက်စစ်အတွဲက ပြိုင်ဘက်တွေအတွက် ကြောက်စရာအတွဲ အဖက်ဖြစ်လာပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီအဆုံးသတ်ကာလတွေကတော့ စီရော်နယ်လ်ဒိုအတွက် ရုန်းကန်ရတဲ့အချိန်တွေပါပဲ။ သူ့ရဲ့ ဒူးအရွတ်ဒဏ်ရာက ဒုက္ခပေးနေပြီး ကလပ်အသင်း ရီးယဲလ်က (၁၂)နှစ်အတွင်း ပထမဆုံး ပြန်လည်ရယူမယ့် ချန်ပီယံလိဂ်ဖလားအတွက် အသည်းအသန်တိုက်ပွဲဝင်နေချိန်ဖြစ်ပါတယ်။ ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်အပြင် လာလီဂါ၊ စပိန်ဘုရင့်ဖလားအစရှိတဲ့ ပြည်တွင်းဖလားတွေကိုပါရယူဖို့ မျှော်လင့်ချက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လာလီဂါမှာ ဆီမြွန်နီရဲ့အက်သလက်တီကိုမက်ဒရစ်အသင်းက ရာသီအဆုံးသတ်ချိန်မှာ စပိန်ထိပ်သီးရီးယဲလ်နဲ့ ဘာစီလိုနာတို့ကို (၃)မှတ်အသာနဲ့ ထိပ်ဆုံးနေရာရယူသွားခဲ့ပြီး၊ နှစ်ပေါင်း (၁၈)နှစ် ကြာဝေးကွာနေတဲ့ လာလီဂါချန်ပီယံဆုကို တစ်ကျော့ပြန်သိမ်းပိုက်သွားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ရီးယဲလ်တို့ (၈၇)မှတ်စီရမှတ်တူခဲ့ပေမယ့် လာလီဂါတွေ့ဆုံမှု နှစ်ကျော့စလုံးမှာ ရီးယဲလ်အသင်းက ဘာစီလိုနာကို အရေးနိမ့်ခဲ့တာကြောင့် ဘာစီလိုနာက ဒုတိယနေရာရယူနိုင်ခဲ့ပြီး ရီးယဲလ်က တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

■ အဓိကဖလား (၂)လုံး
အမှတ်ပေးပြိုင်ပွဲမှာ အခြေအနေမကောင်းခဲ့ပေမယ့် ရီးယဲလ်အသင်းအနေနဲ့ ကျန်အဓိကဖလား ပြိုင်ပွဲနှစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိခဲ့ပါတယ်။ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ဘာစီလိုနာနဲ့ El Clasico ဗိုလ်လုပွဲအဖြစ် ဗလင်စီယာအသင်းရဲ့ မက်စ်တဲလားကွင်းမှာကစားခဲ့ရပါတယ်။ ဒီပွဲမှာတော့ ဒူးအရွတ်ဒဏ်ရာကြောင့် စီရော်နယ်လ်ဒိုမပါနိုင်ခဲ့ဘဲ ပွဲကြည့်စင်ပေါ်ကသာ သူ့အသင်းကို အားပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ဒီနှစ်မှာတော့ ဘာစီလိုနာကို ဒီမာရီယာ၊ ဘေးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးဆုမယူခင် ထူးခြားတာတစ်ခုကတော့ ဒီပွဲကိုပါဝင်မကစားရဘဲ ပရိသတ်တစ်ဦးအဖြစ် လာအားပေးခဲ့ရတဲ့ စီရော်နယ်လ်ဒိုဟာ ကွင်းထဲကိုဆင်းလာပြီး သူ့ရဲ့မဟာပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို နှစ်သိမ့်ခဲ့တာပါ။ အနက်ရောင်အနောက်တိုင်းဝတ်စုံ၊ အနက်ရောင်နက်ကတိုင်၊ အနက်ရောင်ဦးထုပ်ဝတ်ဆင်ထားတဲ့ စီရော်နယ်လ်ဒိုက မက်ဆီရဲ့ပခုံးကိုပွေ့ဖက်ကာ အားပေးနှစ်သိမ့်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ကွင်းထဲကရင်းနှီးတဲ့ဆက်ဆံပုံနဲ့ မက်ဆီရဲ့မာန်မာနမရှိတဲ့ အပြုအမူတွေက သူတို့နှစ်ဦးအကြား ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်တယ်ဆိုတာကို ပရိသတ်တွေ တဒင်္ဂမေ့လျော့သွားစေပါတယ်။ အဲဒီနောက် အဖြူရောင်ရီးယဲလ်ကစားသမားတွေရဲ့ အောင်ပွဲခံမှုကြားမှာ အနက်ရောင်ဝတ်စုံ၊ အနက်ရောင် ဦးထုပ်နဲ့ စီရော်နယ်လ်ဒိုက မလိုက်ဖက်စွာ ဝင်ရောက်အောင်ပွဲခံခဲ့ပါတယ်။

အဲဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ရှော်လ်ကေး၊ ကွာတားဖိုင်နယ်မှာ ဒေါ့မွန်၊ ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အစရှိတဲ့ ဂျာမန်ကလပ်အသင်းကြီး(၃)သင်းကို ဆက်တိုက်ဖြတ်ကျော်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ကစားရတဲ့ ဆီမီးဖိုင်နယ်ပွဲ(၂) ပွဲကတော့ ရီးယဲလ်မက်ဒရစ်အတွက် ထူးခြားတဲ့ပွဲတွေဖြစ်ခဲ့ပြီး (၂)ကျော့စလုံး (ပထမအကျော့ ၁-ဝ၊ ဒုတိယအကျော့ ၄-၀ ဂိုး) အနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို ရီးယဲလ်အသင်းရဲ့ ခါးသီးတဲ့ပြိုင်ဘက် ဘာစီလိုနာအသင်းနည်းပြဟောင်း ဂွါဒီယိုလာ ကိုင်တွယ်နေတာ ဖြစ်ပြီး ဒုတိယအကျော့မှာ သူ့ရဲ့ နည်းဗျူဟာချဉ်းကပ်မှုအမှားကို ရီးယဲလ်အသင်းက ကောင်းကောင်းအသုံးချပြီး (၄)ဂိုးအထိသွင်းကာ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ ၄-၂-၄ ကစားကွက်နဲ့ ပွဲထွက်လာတဲ့ ဂွါဒီယိုလာရဲ့ နည်းဗျူဟာအမှားဟာ သူ့ရဲ့နည်းပြဘ၀ အဆိုးရွားဆုံး ဥရောပရှုံးနိမ့်မှုဖြစ်ခဲ့ရုံသာမက ဘိုင်ယန်မြူးနစ်အတွက်လည်း ဥရောပမှာ ဂိုးအပြတ်ဆုံးရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။ ဒီ(၄)ဂိုးကို ပွဲချိန်(၁၆)မိနစ်နဲ့ (၂၀)မိနစ်မှာ နောက်ခံလူရာမို့စ်က ခေါင်းတိုက်သွင်းဂိုးတွေနဲ့ (၂)ဂိုး၊ စီရော်နယ်လ်ဒိုက ပွဲချိန်(၃၄)မိနစ်နဲ့ (၉၀) မိနစ်တွေမှာ(၂)ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲအတွက် စီရော်နယ်လ်ဒိုက အသင်းရဲ့ လူအေးနည်းပြကြီး အန်ဆယ်လော့တီကို ချီးကျူးခဲ့ပြီး အန်ဆယ်လော့တီဟာ ရီးယဲလ်ကစားသမားတွေ စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးအခြေအနေရောက်ရှိအောင် မြှင့်တင်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

■ မက်ဒရစ်ဒါဘီ ဗိုလ်လုပွဲ
၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်းတွေကို ဖြတ်ကျော်လာတဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲဟာ စီရော်နယ်လ်ဒိုအတွက်တော့ ထူးခြားနေပါတယ်။ အကြောင်းကတော့ ဒီပွဲကစားရမယ့်နေရာက သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားစတင်ခဲ့ရာ လစ္စဘွန်းမြေဖြစ်နေလို့ပါပဲ။ လစ္စဘွန်းမြို့က ဘင်ဖီကာအသင်းရဲ့Estadio da Luz ကွင်းမှာ ကစားရမှာဖြစ်ပြီး လောလောလတ်လတ် လာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်အသင်းက အဲဒီရာသီ လာလီဂါပြိုင်ပွဲမှာ ရီးယဲလ်ကို (၁)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်တွေနဲ့ အသာစီးရယူထားတဲ့ အသင်းဖြစ်ပါတယ်။ ဘာနေဗျူးကွင်းမှာ(၁-ဝ) ဂိုး၊ သူတို့ရဲ့ ဗင်းဆင့်ကယ်လ်ဒါရွန်ကွင်းမှာ (၂-၂)ဂိုးတွေနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်တွေ့ဆုံမှုမှာတော့ ရီးယဲလ်အသင်းက နှစ်ကျော့စလုံး (၃-ဝ)ဂိုး၊ (၂-ဝ) ဂိုးရလဒ်တွေနဲ့ ပြန်အနိုင်ယူခဲ့ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မိနစ်(၉၀)အထိ အနိုင်ရခဲ့တဲ့အသင်းက အက်သလက်တီကိုအသင်းပါ။ ပွဲချိန် (၂၇)မိနစ်မှာ နောက်ခံလူဂိုဒင်ရဲ့ သွင်းဂိုးနဲ့ အက်သလက်တီကိုအသင်းက တစ်ပွဲလုံးဦးဆောင်ခဲ့ပြီး နာကျင်အချိန်ပို (၉၃)မိနစ်ရောက်မှ ရီးယဲလ်နောက်ခံလူ ရာမို့စ်က ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။ အက်သလက်တီကိုအသင်းရဲ့ အဓိကတိုက်စစ်မှူး ဒီယေဂိုကော်စတာ ပွဲချိန်(၉)မိနစ်မှာကတည်းက ဒဏ်ရာရပြီး လူစားလဲခံခဲ့ရတာကလည်း အက်သလက်တီကိုအသင်းအတွက် တိုက်စစ်အားလျော့စရာဖြစ်ခဲ့ပါတယ်။ ပွဲချိန် မိနစ်(၁၁၀)မှာ ဒီမာရီယာရဲ့ပေးပို့မှုက တစ်ဆင့်ဂါရတ်ဘေးလ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အချိန်ပိုပြီးဖို့ (၂)မိနစ်အလိုမှာ နောက်ခံလူမာဆယ်လိုက ရီးယဲလ်အတွက် အနိုင်သေချာစေမယ့် နောက်ထပ်ဂိုး တစ်ဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲချိန်မိနစ် (၁၂၀)မှာ အက်သလက်တီကိုကွင်းလယ်လူဂါဘီက စီရော်နယ်လ်ဒိုကို ပယ်နယ်တီစည်းအတွင်းလှဲချတာကြောင့် ရီးယဲလ်အသင်း ပယ်နယ်တီရခဲ့ပြီး ဒီပွဲသိမ်းပယ်နယ်တီဂိုးကို စီရော်နယ်လ်ဒို ကိုယ်တိုင်ကန်သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာ မြို့ခံပြိုင်ဘက်ကို (၄-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားကို ရီးယဲလ်အသင်း ပြန်လည်ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ (၁၀)လုံးမြောက် ဖလားဖြစ်တဲ့ La decima ဆုဖလားကို ရီးယဲလ်အသင်းရရှိပြီးချိန်မှာ စီရော်နယ်လ်ဒိုက သူ့ရဲ့ရည်မှန်းချက်တစ်ခု ပြည့်မြောက်သွားပြီလို့ Estadio da Luz ကွင်းထဲက Mixed Zone မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ မန်ယူအသင်းနဲ့ ကိုင်မြှောက်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလားကို နောက်(၆)နှစ်အကြာမှာ ရီးယဲလ်အသင်းနဲ့ နောက်တစ်ကြိမ်ကိုင်မြှောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

■ အောင်ပွဲနဲ့အတူ ဝေဖန်မှု
ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး နောက်တစ်နေ့ထွက်ရှိခဲ့တဲ့ စပိန်သတင်းစာတချို့မှာ ရီးယဲလ်အသင်းရဲ့အောင်ပွဲကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ စီရော်နယ်လ်ဒိုကို အပြစ်ရှာချင်တဲ့ ဝေဖန်မှုတချို့လည်း ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးမိနစ်ပယ်နယ်တီသွင်းယူပြီးချိန်မှာ စီရော်နယ်လ်ဒိုဟာ သူ့ရဲ့အင်္ကျီကိုချွတ်ကာ ပရိသတ်တွေရှိရာ ပွဲကြည့်စင်ရှေ့ပြေးသွားပြီး အောင်ပွဲခံခဲ့ပါတယ်။ သူ့နောက်က ရီးယဲလ်အသင်းဖော်အချို့ ပြေးလိုက်လာပြီး သူနဲ့အတူအောင်ပွဲခံချိန်မှာ စီရော်နယ်လ်ဒိုဟာ ဒီကစားသမားအုပ်စုထဲက ခွဲထွက်လိုက်ပြီး သူတစ်ဦးတည်း ကြွက်သားတွေကိုပြသကာ သီးခြားအောင်ပွဲခံခဲ့ပါတယ်။ ဒီလုပ်ရပ်က စပိန်မီဒီယာတွေအတွက် သူ့ကိုဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန်(၉၃)မိနစ်မှာ အရေးပါတဲ့ချေပဂိုးကို ရာမို့စ်သွင်းယူချိန်မှာ စီရော်နယ်လ်ဒိုဟာ လိုက်ပါအောင်ပွဲခံခြင်းမရှိဘူးဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။ ရီးယဲလ်အတွက် အသက်ဆက်ဂိုးကို ရာမို့စ်သွင်းယူပြီးချိန်မှာ အုပ်စုလိုက်အောင်ပွဲခံတဲ့ ရီးယဲလ်အသင်းသားတွေထဲ မပါဝင်ခဲ့သူဆိုလို့ စီရော်နယ်လ်ဒိုနဲ့ ဂိုးသမား ကာဆီးလက်စ်တို့သာ ရှိခဲ့ပါတယ်။ ကာဆီးလက်စ်ကတော့ ဂိုးပေါက်ကို စောင့်ရှောက်နေရတဲ့တာဝန်ကြောင့် အဝေးကနေသာ အောင်ပွဲခံခဲ့တာ ပြောစရာမရှိခဲ့ပေမယ့် စီရော်နယ်လ်ဒိုရဲ့ပျက်ကွက်မှုကတော့ အပြစ်ရှာချင်တဲ့သူတွေအတွက် ထောက်ပြစရာအကွက် ဖြစ်သွားခဲ့ပါတယ်။ ဘာပဲပြောပြော စီရော်နယ်လ်ဒိုအနေနဲ့ ရာသီအဆုံးသတ်ပိုင်းမှာ ဒူးအရွတ်ဒဏ်ရာနဲ့ ရုန်းကန်နေရတဲ့ကြားထဲက အသင်းအတွက် အဓိကဖလား(၂)လုံးကို ရယူပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုဒဏ်ရာကြားက ရုန်းကန်ကစားခဲ့ခြင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တဲ့အခါမှာ သက်ရောက်မှုတွေဖြစ်ခဲ့ရပါတယ်။ ဘရာဇီးလ်မှာကျင်းပတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ဂျာမနီ၊ အမေရိကန်၊ ဂါနာအသင်းတွေနဲ့ တစ်အုပ်စုတည်းကျခဲ့ပြီး အုပ်စုအဖွင့်မှာ ဂျာမနီကို (ဝ-၄)ဂိုးနဲ့ရှုံး၊ ဒုတိယပွဲမှာ အမေရိကန်နဲ့ (၂- ၂) ဂိုးသရေ၊ နောက်ဆုံးပွဲမှာ ဂါနာကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၄)မှတ်နဲ့ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားအပြီး နွေရာသီကာလမှာ သူ့ကိုဒုက္ခပေးနေတဲ့ ဒီဒူးအရွတ်ဒဏ်ရာကို သေသေချာချာအနားယူပြီး ကုသဖို့ ဖြစ်လာပါတယ်။ သူ့အနေနဲ့ ဒဏ်ရာပြဿနာရှိလျက်နဲ့ ၂၀၁၃-၁၄ ရာသီ အဆုံးသတ်ပိုင်း ကလပ်အသင်းပွဲစဉ်တွေကို ကစားခဲ့တာနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားခဲ့တာတွေက သူ့ရဲ့ကစားသမားဘ၀ ရပ်တည်မှုကိုပါ ခြိမ်းခြောက်သလိုဖြစ်လာခဲ့ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ရီးယဲလ်အသင်းရဲ့ အရေးပါတဲ့ပွဲစဉ်တွေမှာ မကစားရမှာစိုးရိမ်တာကြောင့် သူ့ရဲ့ဒဏ်ရာအမှန်တကယ်ခံစားရတာကို ထုတ်ဖော်မပြောခဲ့ဘူးလို့လည်း ရီးယဲလ်မက်ဒရစ်အသင်းဆရာဝန်တွေက ပြောကြားခဲ့ကြပါတယ်။ တကယ်တော့ ဒီဒူးအရွတ်ဒဏ်ရာဟာ ပိုပြီးအခြေအနေဆိုးရွားသွားခဲ့ရင် (ဒါမှမဟုတ်) ကုသမှုသေချာမခံယူခဲ့ရင် သူ့ရဲ့ကစားသမားဘဝကိုပါအဆုံးသတ်သွားစေနိုင်တဲ့ဒဏ်ရာမျိုးပါ။ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝကို အဆုံးသတ်သွားစေခဲ့တာကလည်း ဒီလိုဒဏ်ရာမျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၄-၁၅ ဘောလုံးရာသီသစ်မစတင်မီ စီရော်နယ်လ်ဒိုရဲ့ဒဏ်ရာ ပျောက်ကင်းစေဖို့အတွက် နာမည်ကျော်ဆရာဝန် (၃)ဦးနဲ့ ကုသဖို့ အေးဂျင့်မန်ဒက်စ်က စီစဉ်ပေးခဲ့ပြီး ဒီအထဲမှာ စီရော်နယ်လ်ဒိုရဲ့သူငယ်ချင်းဖြစ်သူ နာမည်ကျော်စပိန်တင်းနစ်ကစားသမား နဒါးလ်ရဲ့ ဒူးအရွတ်ဒဏ်ရာကို ကုသပေးခဲ့သူ ဒေါက်တာမီခယ်လ်ဆန်းချက်ဇ်လည်း ပါဝင်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Photos: AP,Gettyimages,PA,Daily Mail,Mirror,The Sun, Zimbio ...

Most Read

Most Recent